ပြည်သူ့လွှတ်တော်တွင်မေးသည့်မေးခွန်း ဝန်ကြီးဌာန မှားပြီးလာဖြေဟု ဘုတ်ပြင်းကိုယ်စားလှယ် ပြော

0
504

ပြည်သူ့လွှတ်တော်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖြေဆိုရမည့် မေးခွန်းကို နယ်စပ်ရေးရာဝန်ကြီးဌာနက မှားယွင်း ကာ လာရောက်ဖြေဆိုခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းထွန်းက ပြောသည်။
ဇန်န၀ါရီလ ၃၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်း အဝေးတွင် ဦးနေလင်းထွန်းက တနင်္သာရီတိုင်းအတွင်း ပြည်ထောင်းစုလမ်းမကြီးနှင့် ဆက်သွယ်၍မရနိုင်သည့် ပင်လယ်ကမ်း ရိုးတန်း၊ ကျွန်းအခြေစိုက် ကျေးရွာများတွင် ဆိပ်ခံတံတား၊ ရွာလယ်လမ်းတံတားများကို ဒေသနှင့်ကိုက်ညီသည့်ပုံစံဖြင့် ပထမဦးစားပေးစာရင်းတွင် ထည့်သွင်းသတ်မှတ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးမြန်း ခဲ့သည်။
ကျေးလက်လမ်းဦးစီးဌာနအနေဖြင့် ၎င်း၏ မူဝါဒအရ လမ်းမကြီးနှင့် ဆက်သွယ်နေသည့် ရွာများတွင်သာ ဦးစားပေးလုပ် နေသောကြောင့် ကျွန်းရွာများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ မရရှိသဖြင့် မေးမြန်းခြင်း ဖြစ်ကြောင်း ဦးနေလင်းထွန်းက ပြောသည်။

“ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ မူကို ပြင်ပြီးတော့ လုပ်ပေးနိုင်ခြင်း ရှိ၊မရှိ မေးထားတဲ့ဟာပါ” ဟု ၎င်းက ပြောသည်။
မေးခွန်းတွင်လည်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနကို မေးမြန်းလိုကြောင်း ပါဝင်သည်ဟု ဦးနေလင်းထွန်းက ပြောသည်။
သို့သော် ယင်းမေးခွန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် သန်းထွဋ်က လာရောက်ဖြေဆိုခဲ့သည်။
ဆိပ်ခံတံတားလုပ်ငန်းအမျိုးအစားမှာ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ပေးသည့်လုပ်ငန်းအမျိုးအစားတွင် ပါဝင်ခြင်းမရှိသဖြင့် ရန်ပုံငွေလျာထားပေးနိုင်ခြင်းမရှိဟု ဒုဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေဆိုခဲ့သည်။
“လာဖြေတာက နယ်စပ်ရေးရာ ၀န်ကြီး ဖြစ်နေတယ်၊ မေးခွန်းနဲ့ ဖြေတဲ့ဟာ နဲ့ အလွဲကြီး၊ တကယ်ဖြေရမှာက ဆောက်လုပ်ရေးဝန်ကြီးဌာနပါ”ဟု ဦးနေလင်းထွန်းက ပြောသည်။
ယင်းကြောင့် နယ်စပ်ရေးရာဝန်ကြီး ဌာနကို မေးမြန်းခြင်းမဟုတ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနကိုသာ မေး ခြင်းဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနက ဖြေကြားပေးစေလိုကြောင်း ဆက်စပ်မေးခွန်း မေးမြန်းခဲ့သည်ဟု ဦးနေလင်းထွန်း က ပြောသည်။
နယ်စပ်ရေးရာဝန်ကြီးက ဦးနေလင်း ထွန်း၏ ဆက်စပ်မေးခွန်းကို စာဖြင့်ပြန်လည် ဖြေဆိုမည်ဟု ပြန်လည်ပြောကြား ခဲ့သည်။
တနင်္သာရီတိုင်းအတွင်း ကျွန်းပေါင်း ၈၀၀ ကျော်ရှိသည့်အနက် မြို့ရွာများအဖြစ် တည်ထောင်နေထိုင်လာသည့်ကျွန်းများ တစစ များပြားလာပြီဖြစ်သည်။