သရက်ချောင်း – မြိတ် ရထားလမ်းမြေ မူလပိုင်ရှင်ထံ ပြန်ပေးမည်၊ ထားဝယ် – သရက်ချောင်း ရထားလမ်းအတွက် လျော်ကြေးပေးမည်

0
752

သရက်ချောင်း – မြိတ် မီးရထားလမ်းအပိုင်းတွင် သိမ်းဆည်းခံထားရသည့် လယ်ယာမြေများကို မူလပိုင်ရှင်ထံ ပြန် ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောသည်။
အဆိုပါလမ်းပိုင်းကို ဆက်လက်အကောင်အထည်ဖော်ရန် မရှိတော့သည့်အတွက် လက်ရှိအခြေအနေအတိုင်း မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ဒုဝန်ကြီး ဦးကျော်မျိုးက ဆိုသည်။
ဇန်န၀ါရီလ ၂၃ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး အတွင်း ထားဝယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန်၏ မေးမြန်းမှုကို ယင်းကဲ့သို့ ဖြေကြားခဲ့ ခြင်းဖြစ်သည်။
“သရက်ချောင်း-သမုတ်လမ်းပိုင်းကို လက်ရှိအနေအထားအတိုင်း မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်သွားမှာဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်”ဟု ဒုဝန်ကြီးဦးကျော်မျိုးက လွှတ်တော်တွင် ပြောသည်။
သိမ်းဆည်းခံရသည့် လယ်သမားများက မီးရထားလမ်း အကောင်အထည် မဖော်တော့ပါက ပြန်လိုချင်သည်ဟု ပြောဆိုနေကြ သည့်အတွက် ယင်းကဲ့သို့ မေး ခွန်းမေးရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိန်က ဆို သည်။
ထားဝယ်-မြိတ် မီးရထားလမ်း ဖောက်လုပ်ရာတွင် လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေ စုစုပေါင်း ၄၁၈.၆၅ ဧက သိမ်းဆည်းခံထားရကြောင်း ဒုဝန်ကြီး၏ ဖြေကြားချက်အရ သိရသည်။
ထားဝယ် – သရက်ချောင်းလမ်းပိုင်းအတွက် သိမ်းဆည်းခံရလယ်ယာမြေများကိုမူ မြေယာလျော်ကြေးငွေ ပေးမည်ဖြစ် ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားသည်။
သို့ရာတွင် ထားဝယ် -သရက်ချောင်း လမ်းပိုင်းအတွက် လျော်ကြေးနှင့် သရက်ချောင်း – မြိတ်လမ်းပိုင်းအတွက် မြေကို မည်သည့်အချိန်တွင် ပြန်ပေးမည် ဆိုသည်ကို ထည့်သွင်းဖြေကြားသွားခြင်း မရှိကြောင်း မေးခွန်းမေးမြန်းခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိန်က ဆိုသည်။
“တို့လည်း မမှန်းနိုင်ဘူး၊ အစိုးရအဖွဲ့ လုပ်ငန်းတွေ၊ အဓိကကတော့ ဘတ်ဂျက်တွေမှာ တွက်ရချက်ရဦးမှာ လေနော့၊ ဒီတစ်နှစ်မပါသေးရင် နောက်နှစ်ပေါ့၊ ဘတ်ဂျက်တွေလျာထား ရဦးမှာ””ဟု ဦးအောင်စိန်က ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းကမူ မီးရထားလမ်းအတွက် သိမ်းဆည်းခံ လယ်ယာမြေကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရက လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ညွှန်ကြား လာခြင်းမရှိသေးဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ခန့်က မြေပြင် ကွင်းဆင်းတိုင်းတာမှု လာလုပ်ခဲ့ပြီး လက်ရှိအချိန်ထိ မည်သည့်လုပ်ဆောင်မှုမျှ မကြားရတော့ကြောင်း ရထားလမ်းအတွက် လယ်သိမ်းဆည်းခံရသည့် သရက်ချောင်းမြို့နယ် သရက်နှစ်ခွ ကျေးရွာမှ ဦးညွှန့်စိန်က ဆိုသည်။
“ပေးရင်တော့ ကောင်းတာပေါ့။ လယ်သမားတွေက ဆင်းရဲသားတွေဆို တော့”ဟု ဦးညွှန့်စိန်က ပြောသည်။
ယခင်က သိမ်းဆည်းခံလယ်ယာ လျော်ကြေးငွေအတွက် စာရင်းတောင်း ခံရာတွင် ပိုင်ဆိုင်သူ ထပ်နေသည့် ကိစ္စများ ရှိနေသည့်အတွက် မြေစာရင်းဌာနကို မြေပြင်ကွင်းဆင်းခိုင်းထားပြီး လက်ရှိ အချိန်ထိတင်ပြလာခြင်း မရှိသေးကြောင်း ဝန်ကြီးဦးမြင့်စန်းက ဆိုသည်။
ထားဝယ် – မြိတ် ရထားလမ်းစီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။
ယခင်က သရက်ချောင်းအထိ ပြေးဆွဲခဲ့ဖူးသော်လည်း စက်သုံးဆီကုန်ကျ စရိတ်ကြောင့် ရပ်နားခဲ့ရကြောင်း ပြည်ထောင်စုဒုဝန်ကြီး ဦးကျော်မျိုးက ပြောသည်။

ကိုဇော်