မွန်လွှတ်တော် ၃ နှစ်အတွင်း တိုင်ကြားစာ ၁၇၀၀ ရှိ

0
559

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၃ နှစ် သက်တမ်းအတွင်း၌ တိုင်ကြားစာပေါင်း ၁၇၀၀ ခန့် လက်ခံရရှိ ခဲ့သည်ဟု မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စိစစ်ရေး ကော်မတီထံမှ သိရသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတင်ခဲ့သည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ထိ ရရှိခဲ့သည့် တိုင်ကြားစာများဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စိစစ်ရေး ကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူ (သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)က ပြောသည်။

“တိုင်ကြားစာတွေထဲမှာ မြေယာ ပြဿနာက အများဆုံးပဲ၊ မြို့နယ်အလိုက်ဆိုရင် ရေးမြို့နယ်က အများဆုံးတိုင်ကြား ထားတယ်၊ စစ်ဆေးပြီးတဲ့ကိစ္စတွေကို အစိုးရဘက်ကို လွဲပြောင်းပေးတာတွေရှိတယ်၊ သက်ဆိုင်ရာ ဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းလိုက်တာတွေ ရှိတယ်၊ ၇၀ ရာခိုင် နှုန်းလောက်တော့ လုပ်ဆောင်ပြီးသွားတဲ့ အနေအထား ရှိတယ်”ဟု ၎င်းက ပြောသည်။
တိုင်စာများထဲတွင် တရားရုံး၌ အမှုရင်ဆိုင်နေရသည့်အနေအထားများ၊ ပိုင်ဆိုင်မှု အထောက်အထားမရှိသည့်တိုင် စာများကို စိစစ်ဆောင်ရွက်ရန် ကျန်ရှိနေ သည့်တိုင်စာများလည်း ရှိသည်ဟု ဦးအောင်ကျော်သူက ဆက်ပြောသည်။

ယဉ်စနိုင်း