ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ညီမ ဆာလာအိတ်ချုပ်အပ်ဖြင့် ထိုးခံရ

0
410

မြိတ်မြို့၊ တလိုင်းစုရပ်ကွက်အုပ်ချုပ် ရေးမှူး၏ ညီမဖြစ်သူအား ဈေးဝယ်သူ အမျိုးသမီးက ဆာလာအိတ်ချုပ်သည့် အပ်ဖြင့် ထိုးခဲ့ကြောင်း တလိုင်းစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလှိုင်နှင့် မြိတ် မြို့မရဲစခန်းထံမှ သိရသည်။
ဇန်နဝါရီလ ၁၅ ရက်၊ ညနေ ၄ နာရီ အချိန်ခန့်က ဦးမင်းမင်းလှိုင်၏ နေအိမ် တွင်ဖွင့်လှစ်ထားသည့် ကုန်စုံဆိုင်အတွင်း အုပ်ချုပ်ရေးမှူး၏ ညီမဖြစ်သူနှင့် ဝယ်ယူသူ တို့ တစ်ဦးချင်းရှိနေသည့်အချိန်တွင် ဖြစ်ပွား ခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။
ဆာလာအိတ်ချုပ်သည့်အပ်ဖြင့် ထိုးသွင်းမှုကြောင့် ဆိုင်ရှင်အမျိုးသမီး၏ ဦးခေါင်း၊ ပုခုံး၊ လည်ဂုတ်၊ လက်ဖျံရိုး၊ နောက်ကျောနှင့် လည်မျိုတို့တွင် ဒဏ်ရာ စုစုပေါင်း ၁၇ ချက်ရရှိခဲ့သဖြင့် မြိတ် ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူ နေရကြောင်း ဦးမင်းမင်းလှိုင်ထံမှ သိရသည်။
“ဘောင်ချာကို ငုံ့ပြီးရေးနေတဲ့အချိန်မှာ လည်ပင်းကိုသိုင်းဖက်ပြီး ဆူးချွန်နဲ့ ထိုးတာ”ဟု ဦးမင်းမင်းလှိုင်က ပြောသည်။
အဆိုပါအမျိုးသမီးနှင့် ညီမဖြစ်သူမှာ ပုဂ်္ဂိုလ်ရေးအရ ဆက်စပ်မှုမရှိဟု ဦးမင်းမင်းလှိုင်က ပြောသည်။
သံချွန်ဖြင့်အထိုးခံရသဖြင့် ဆိုင်ရှင်ဖြစ်သူ အုပ်ချုပ်ရေးမှူး၏ညီမက အော်ဟစ်အကူအညီတောင်းခံရာတွင် ဆာလာအိတ် ချုပ်အပ်ဖြင့် ထိုးသည့်အမျိုးသမီးက အပြင်သို့ ထွက်ခွင့်မရအောင် လုံးထွေးချုပ်နှောင် ခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။
ယင်းကဲ့သို့ ဖြစ်ပွားနေစဉ် တစ်ရပ်ကွက်တည်းနေ အမျိုးသမီးငယ်နှစ်ဦးက ဈေးဝယ်ရန် ရောက်ရှိလာချိန်တွင် ဆာလာအိတ်ချုပ်အပ်ဖြင့် ထိုးသည့် အမျိုးသမီးမှာ ဆိုင်ကယ်ဖြင့် မောင်းထွက်ပြေးသွားခဲ့ကြောင်း ရဲစခန်းမှ သိရသည်။
ဆိုင်ကယ်ဖြင့် မောင်းထွက်ပြေးသွား သည့်လမ်းကြောင်းအတိုင်း ရပ်ကွက်နေ သူတစ်ဦးက နောက်ယောင်ခံလိုက်ရာမှ မြိတ်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ပူးပေါင်းမှုဖြင့် ယင်းရပ်ကွက်ရှိ တိုးချဲ့ ဈေးအနီးတွင် ဖမ်းမိခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလှိုင်က ပြောသည်။
လက်ရှိတွင် သံဆူးချွန်အပ်ဖြင့် ထိုးခဲ့သည့် အမျိုးသမီးအား မြိတ်မြို့ မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်း ရဲစခန်းမှ သိရသည်။

 

မြင့်မိုရ်(မြိတ်)