ထားဝယ်-ရေး လမ်းပိုင်းတွင် ယာဉ်ရပ်နားစခန်းဆောက်မည်

0
490

ထားဝယ်-ရေးလမ်းပိုင်းရှိ မိုင်တိုင် အမှတ် ၆၀ အနီးဝန်းကျင်တွင် ကားအစီး ရေတစ်ရာခန့် ရပ်နားနိုင်မည့် ယာဉ်ရပ်နား စခန်းတစ်ခုဆောက်ရန် လျာထားကြောင်း လမ်းဦးစီးဌာန တနင်္သာရီ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းမင်းထွဋ်က ဆိုသည်။

တနင်္သာရီတိုင်းသို့ ခရီးသွားများ ပိုမိုဝင်ရောက်နေချိန်တွင် အဆိုပါ လမ်းပိုင်း ၌ ကားရပ်နားကာ အနားယူနိုင်မည့် ကျယ်ဝန်းသည့် ယာဉ်ရပ်နားစခန်း မရှိသေးသည့်အတွက် အလယ်စခန်း ကျေးရွာအနီးတွင် တည်ဆောက်ရန် လျာထား ခြင်းဖြစ်ကြောင်း ၎င်းင်းက ပြောသည်။

အထက်ပါ ယာဉ်ရပ်နားစခန်းကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေရရှိမှု အပေါ်မူတည်ကာ ဆောက်လုပ်မည်ဖြစ်ပြီး လက်ရှိတွင် မြေပြင်အကြို တိုင်းတာရေး လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးဝင်းမင်းထွဋ်က ဆိုသည်။

“ထားဝယ်-မလွှဲတောင်ကြားမှာ ကားအများကြီး ရပ်နိုင်မယ့် နေရာမရှိသေး လို့ပါ”ဟု ၎င်းက ပြောသည်။

ယာဉ်ရပ်နားစခန်းတည်ဆောက်ရာ တွင် စားသောက်ဆိုင်တန်းများ၊ တိုင်းရင်း သားရိုးရာ ထမင်းဆိုင်များ၊ ကားဝပ်ရှော့ များ၊ အမှတ်တရ အရောင်းဆိုင်ခန်းများကို ထည့်သွင်းရန် ရည်မှန်းထားကြောင်း ဦးဝင်းမင်းထွဋ်က ဆိုသည်။

အဆိုပါ လမ်းပိုင်းတွင် ယာဉ်ရပ်နား စခန်းမရှိသည့်အတွက် နီးစပ်ရာထမင်း ဆိုင်များတွင်သာ ရပ်နားနေရပြီး ယာဉ်ရပ် နားစခန်းတစ်ခု အမှန်တကယ်လိုနေကြောင်း ထားဝယ်မြို့နေ ဦးသန့်ဇင်ဦးက ပြောသည်။

“ဒီလိုလုပ်မှာကို ကြိုက်တယ်၊ အေးအေး ဆေးဆေး နားလို့ရမယ်”ဟု ဦးသန့်ဇင်ဦးက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ပြည်ထောင်စု လမ်းဖြစ်သည့် ထားဝယ်- ကော့သောင်း လမ်းပိုင်းတွင်လည်း ကျယ်ဝန်းသည့် ယာဉ်ရပ်နားစခန်း မရှိသေးပေ။

 

ကိုဇော်