ဘိလပ်မဟာတန်းကျောင်းသား – ၈

0
1853

လန်ဒန် အရသာ

လန်ဒန်အရသာအကြောင်းပြောရမည်ဆိုလျှင် အမှတ်ရဆုံးမှာ ၂၀၁၈ နှစ်သစ် ကူးညပင် ဖြစ်သည်။ ဂျင်းမိသွားသော ည ဟုလည်း ဆိုနိုင်သည်။

နှစ်သစ်ကူးလန်ဒန် အခေါက်သည် ပထမဆုံး လန်ဒန်ခရီးမဟုတ်ပါ။

တတိယ အခေါက် ဖြစ်သည်။ အင်္ဂလန်ကို ရောက်သည့် နေ့က ဟီးသရိုးလေဆိပ်မှ ဘရစ်္စတိုသို့ တန်းလာလိုက်သဖြင့် လန်ဒန်အရသာ ချိုချိုခါးခါး မသိခဲ့။ သို့သော် ရောက်ပြီး တစ်လအကြာ ကိစ်္စတစ်ခုဖြင့် ပြန်သွားရ သော လန်ဒန်ခရီးသည်ကား အတန်ငယ်ခါး သက်သက်နိုင်လှသည်။ တတိယ အခေါက် ကတော့ ပိုအီပါသည်။

ရောက်ပြီး တစ်လအကြာ အောက်တို ဘာလအတွင်းက ပထမအကြိမ် လန်ဒန်သို့ သွားရသည်။ ဗြိတိန်အစိုးရ ပညာသင်ဆု ဖြင့် ကျောင်းလာတက်ကြသော တစ်ကမ္ဘာလုံးမှ ကျောင်းသားများ စုဆုံပွဲ ဖြစ်သည်။

၂၀၁၈-၁၉ ပညာသင်နှစ် ဗြိတိန် မဟာဘွဲ့ ပညာသင်ဆုအတွက် တစ်ကမာ်္ဘလုံး မှ လျှောက်ထားသော လျှောက်လွှာပေါင်း ငါးသောင်းကျော် ရှိခဲ့သည်။ ယင်းအနက် ပမာဏ ရွေးချယ်ခံရသူ ၅၀၀၀ ကို လူတွေ့ မေးမြန်းခဲ့သည်။ ထို့အနက်မှ ၁၇၆၅ ဦး ကို ပညာသင်ကျောင်းသူကျောင်းသားများ အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ မှ ၁၅ ဦး ပါဝင်သည်။ မြန်မာနိုင်ငံမှ ကျောင်း သားအရေအတွက်မှာ အခြားနိုင်ငံများနှင့် ယှဉ်ပါက အတော်နည်းပါသည်။ မလေးရှား၊ အင်ဒိုနီးရှားတို့ပင်လျှင် လေးငါးဆယ် ကျော် ပါသည်။ ဘရာဇီးဆိုလျှင် ၆၀ ကျော် သည်။ ဆင်းရဲသော ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံ အတွက် ပညာအရင်းအနှီးများစွာ လိုအပ် သည်။ ထိုကြောင့် ပိုပေးသင့်သည် ထင်သည်။

တွေ့ဆုံပွဲမှာ လန်ဒန်မြို့ရှိ ခန်းမကြီး တစ်ခုတွင် ပြုလုပ်သည်။ ဗြိတိန်တစ်ဝန်း သက်ဆိုင်ရာ မြို့များမှာ ကိုယ့်အစီအစဉ် ဖြင့် တည်းခိုနေထိုင် လာရောက်ရသည်။ ထို့အတွက် ပညာသင်ဆုအစီအစဉ်က ငွေအနည်းငယ် ထုတ်ပေးသည်။ လန်ဒန် တွင် အခြေစိုက်သော ကျောင်းသားများမှ လွဲ၍ ခရီးစရိတ်နှင့် နေစရိတ် ရကြသည်။ မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများ ကတော့ လန်ဒန်တွင် ခန်းမနှင့် နီးသော အိမ်တစ်လုံး စုငှားလိုက်သည်။ နှစ်ရက်စာ ဖြစ်သည်။

လန်ဒန်မြို့တော်ကို တစ်ကြိမ်မျှ မရောက်ဖူးသော်လည်း ထိုအိမ်ကို မြေပုံ အားကိုးဖြင့် သွားရသည်။ မြေပုံကို ကြည့် လိုက်တော့ လန်ဒန်ရှိ ဝိတိုရိယ ကားဂိတ် မှ ရထားတစ်တန်၊ ကားတစ်တန် စီးရမည်။ ထိုသို့ဖြင့် ရထားကိုရှာသည်။ ဖြစ်ချင်တော့ မြေအောက်ရထား (Tube)နှင့် ရိုးရိုး မြေပေါ်ရထား (Rail) ဂိတ်နေရာများကို ခွဲမသိခြင်း ဖြစ်သည်။ ထိုသို့ နှစ်ခု ရှိမည် ဟုလည်း မစဉ်းစားမိ။ ရထားသည်၊ ရထား ဟုပင် မှတ်ထားမိသည်။ မြေပုံကို သေချာ မဖတ်တတ်သေးတာလည်း ပါသည်။

ထိုသို့ဖြင့် တယ်လီဖုန်းရှိ အီလက် ထရွန်းနစ်မြေပုံတွင် ပြထားသော သွားရ မည့် ဘူတာကို ရှာသည်။ မှတ်မှတ်ရရ Upton Park ဘူတာဖြစ်သည်။ ဝိတိုရိယ ဘူတာ အတွင်း ဝင်သွားပြီး လက်မှတ်ဝယ် ရမည့် နေရာသို့ သွားသည်။ အီလက်ထရွန်း နစ် အရောင်းကောင်တာ ဖြစ်သည်။ ကိုယ်တိုင် ဘူတာရွေး၊ ကိုယ်တိုင် ငွေချေ လက်မှတ်ဝယ်ရ သည်။ လက်မှတ်ရောင်း မရှိ။

ဖြစ်ချင်တော့ ကိုယ်လက်မှတ်ဝယ် ရန် ကြည့်သည့် နေရာတွင်Upton Parkဘူတာ ရှိနေသည်။ ထိုနေရာကို နှိပ်ပြီး လက် မှတ် ဝယ်တော့မည့်ဆဲဆဲ နည်းနည်း သံသယ ဖြစ်လာသည်။ လက်မှတ်ခက လန်ဒန်မြို့ တွင်းသွား မဟုတ်ဘဲ ဈေးကြီးနေသည်။ နောက်တစ်ခုက Upton Park နံဘေး တွင် ကွင်းဖြင့် မာဆေးဆိုဒ်ဟု ရေးထားသည်။ ပရီးမီးယားလိဂ်ဘောလုံးပွဲများ ရူးရူးမူးမူး ကြည့်ခဲ့ဖူးသဖြင့် မာဆေးဆိုဒ် ဆိုသည်ကို အတန်ငယ် ရင်းနှီးသည်။ မာဆေးဆိုဒ်မှာ အင်္ဂလန်အနောက်မြောက် ပိုင်းရှိ စီရင်စုကောင်တီတစ်ခု ဖြစ်သည်။ ယင်းကောင်တီတွင် နာမည်ကျော် လီဗာပူးလ်နှင့် အဲဗာတန် ဘောလုံးကလပ်အသင်းများ ရှိသည်။

ဟုတ်ပါ့မလား သံသယဝင်ရင်း အတန် ကြာသွားသည်။ နောက်မှာလည်း လက်မှတ်ဝယ်ဖို့ တန်းစီသူတစ်ဦးရောက် လာသဖြင့် မေးကြည့်လိုက်ရသည်။ ထိုအခါမှ သူက ရှင်းပြသည်။

“ဒီဟာက Rail ကြီး၊ မင်းက Tube စီးရမှာ”ဟုဆိုကာ စီးရမည့် နေရာကို လမ်းညွှန် ပေးသည်။ ထိုအချိန်ကျမှ ဘရစ်္စတိုတောသား က လန်ဒန်တွင် Rail နှင့် Tube နှစ်မျိုး ရှိကြောင်း သိသွားသည်။ ထိုသို့ဖြင့် မြေ အောက်ကိုဆင်း ရထားလက်မှတ်ဝယ်ရသည်။

တော်သေးသည်။ မာဆေးဆိုဒ်ရထားကြီး စီးမိသွားပါက လီဗာပူးလ်ရောက်သွား နိုင်သည်။

နောက်ထပ် ကားတစ်တန် စီးတော့ လည်း ပြဿနာတစ်ခု တက်သေးသည်။ ကားဂိတ်ရောက်တော့ စာတန်းလေးတစ်ခု ကိုတွေ့သည်။ ကားစီးပါက ပိုက်ဆံ လက်မခံပါ။ ကတ်ဖြင့်သာ စီးရမည်ဟု ရေးထားသည်။ ကိုယ့်မှာ ကတ်မပါ။ သို့သော် လည်း ခပ်ပေါ့ပေါ့ပင် တွေးလိုက်သည်။

“အကြွေစေ့ပေးလိုက်ရင် ရမှာပါ”

သို့သော် မရ၊ ကားတက်စီးတော့ ယာဉ်မောင်းက မရကြောင်းပြောသဖြင့် ဆောရီး လုပ်ကာ ဆင်းလာခဲ့ရသည်။ အနီးအနားတွင်လည်း ကတ်ရောင်းသည့် နေရာမရှိသဖြင့် အတော်လေးသော အဝတ်ထုပ် ကျောပိုးအိတ်လွယ်ကာ ငှားထားသည့် တည်းမည့် အိမ်သို့ ၄၅ မိနစ်ခန့် လမ်းလျှောက် ခဲ့ရသည်။ တကယ်တော့ ရထားဘူတာများ တွင် ကတ်ဝယ်သည့် နေရာပေါပေါများများ ရှိသည်ကို ကြိုမသိခဲ့ခြင်း ဖြစ်သည်။

ထိုနေ့ညတွင်မှ လန်ဒန်မြို့ထဲထွက် လန်ဒန်အရသာကို ခံစားရသည်။ ကြီးကျယ် ခမ်းနားလှစွာသော၊ လှပဗိသုကာ လက်ရာ မြောက်စွာသော တိုက်တာအဆောက် အအုံများကို ကြည့်ရင်း ထုံးစံအတိုင်း အဆိုး မြင်ဝါဒီစိတ်က ဝင်လာသည်။

အကောင်း ဘက်ကတွေးရင်တော့ ဝေဖန်ဆန်းစစ်တွေး တော စိတ်ဟုလည်း ယူကောင်းယူနိုင်သည်။

“တစ်ကမ္ဘာလုံးက နယ်မြေတွေကို သိမ်းပြီး ဗြိတိသျှနေမဝင်အင်ပါယာကြီးရဲ့ စီးပွားရေးကို တည်ဆောက်ခဲ့တာ၊ ဒီလောက် တော့ ရှိမှာပေါ့လေ”ဟူသော အတွေးဖြစ်သည်။

ထိုနေ့ညနေပိုင်းက သောကြာနေ့မို့ ဖြစ်မည်။ လန်ဒန်မြို့လယ် အောက်စဖို့ဒ် လမ်း ပလက်ဖောင်းကျယ်တစ်လျှောက် မနည်းလူတိုးရသည်။ ခပ်အေးအေးဆေး ဆေး လူပါးပါး မြို့ဖြစ်သော ဘရစ်္စတိုမှ လာသူအတွက်တော့ အတော့်ကို မျက်စိ နောက်စရာ ဖြစ်သည်။ ဟိုဟိုသည်သည် လမ်းလျှောက်ပြီးနောက် လန်ဒန်တွင် ကျောင်းတက်နေသော မိတ်ဆွေတစ်ဦးနှင့် ချိန်းလိုက်သည်။ သူက သူ့ကျောင်းအနီးက ဘီယာဆိုင်တွင် ချိန်းသည်။ ဟိုရောက်တော့ လည်း ဘီယာဆိုင်တွင် ထိုင်စရာ မရှိ။ ပလက်ဖောင်းတွင် ရပ်သောက်နေသဖြင့် လမ်းလျှောက်သူများအတွက်ပင် လျှောက် စရာမရ။ ဘရစ်္စတိုတွင်တော့ ပလက်ဖောင်း တွင် မသောက်ရ၊ ဘီယာဆိုင်ပရဝုဏ်ပြင်ပ တွင် လုံး၀ သောက်ခွင့်မပေးပေ။ အတော် ချော်သည့် လန်ဒန်မြို့ကြီးပါလား တွေးမိ သည်။ သောကြာညနေမို့လို့လည်း ဖြစ်နိုင် သည်။

မည်သို့ပင်ဆိုစေ လန်ဒန်ပထမဆုံး အခေါက်သည် အတော်အူကြောင်ကြောင် နိုင်သော ကိစ်္စအချို့ရှိခဲ့သော်ငြား၊ မျက်စိ နောက်စရာမြို့ကြီးမှန်း သိသွားခဲ့သော်ငြား မြန်မာပြည်မှ မိတ်ဆွေများနှင့် စကားပြော ကြတာ၊ စုပြီး ထမင်းဟင်းချက်စားကြသည် မှာ အတော့်ကို အမှတ်တရ ရှိလှသည်။ မြန်မာစကားကောင်းကောင်းမပြောရ၊ မငြင်းရသည်မှာ တစ်လရှိပြီ မဟုတ်ပါလော။

ဒုတိယအခေါက်လန်ဒန်မှာ ဥရောပသွား ရှန်ဂန်ဗီဇာ လာလျှောက်ခြင်း ဖြစ်သည်။ ရန်ကုန်က သူငယ်ချင်းတစ်ယောက် ပြင်သစ် မြို့တော်ပါရီကို လာမည်ဆိုသဖြင့် သွားတွေ့ လိုသဖြင့် ဗီဇာသွားလျှောက်ခြင်း ဖြစ်သည်။ နေ့ချင်းပြန်ခရီးဖြစ်သဖြင့် အထူးအထွေ ပြဿနာမရှိ။
မြေပုံတွင် ပေါ်နေသော

နာမည်ကျော် ချဲဆီးလ်ဘောလုံးကလပ်အသင်း နံဘေးရှိ အစိမ်းရောင်ကွင်းပြင်ကြီးကို ပန်းခြံဟု ထင်မှတ်ကာ တစ်နာရီခန့်လမ်းလျှောက်သွားပြီးမှ သင်္ချိုင်းဖြစ်နေသည့် အလွဲတစ်ခု ကတော့ မှတ်မှတ်ရရပင်။

တတိယအခေါက်မှာ နှစ်သစ်ကူးချိန် ဖြစ်သည်။

လာမည့်အပတ်တွင် ဆက်လက် ဖော်ပြပါမည်။

စာရေးသူမှာ အင်္ဂလန်နိုင်ငံ ဘရစ္စတို မြို့ရှိ ဘရစ္စတိုတက္ကသိုလ်တွင် ပြည်သူ့ ရေးရာ မူဝါဒမဟာဘွဲ့ (MSc Public Policy) အတန်း တက်ရောက် သင်ယူနေသာ ထားဝယ်ဒေသခံတစ်ဦး ဖြစ်သည်။ နိုင်ငံတကာတွင် ကျင့်သုံးနေသော တက်္ကသိုလ် ပညာရေးပုံစံကို တို့ထိ မြည်းစမ်းနိုင်ရန် လည်းကောင်း၊ သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံရေး၊ ယဉ်ကျေးမှု ထုံးထမ်းဓလေ့များ ကို တစ်စိတ်တစ်ပိုင်း နားလည် သင်ခန်းစာ ယူနိုင်ရန် ယခု အခန်းဆက် ဒိုင်ယာရီကို (တစ်လ နှစ်ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ် ကဲ့သို့) အလျင်းသင့်သလို ဖော်ပြလျက်ရှိသည်။

ဖစု