ထောင့်ကွယ်မြို့ဟောင်းနေရာ ခရီးသွားလုပ်ငန်းအတွက် လျှောက်ထားမြေတွင် ပါပါက ကွင်းဆင်းမည်ဟုဆို

0
528

လောင်းလုံးမြိုနယ်၊ ကျောက်တွင်း ကျေးရွာအုပ်စုရှိ ထောင့်ကွယ်မြို့ဟောင်း နေရာသည် ခရီးသွားလုပ်ငန်း လုပ်ကိုင် ရန် လျှောက်ထားမြေတွင် ပါဝင်နေပါက တိုင်းအစိုးရအဖွဲ့မှ ကွင်းဆင်းစိစစ်မည် ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က ပြောသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ ကျွန်း နှင့် ကမ်းခြေတချို့ကို နိုင်ငံတကာအဆင့်မီ ခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် ကုမ်္ပဏီ တချို့က လျှောက်ထားခဲ့ရာတွင် ထောင့်ကွယ် မြို့ဟောင်းနေရာ ပါဝင်ပါက ထောင့်ကွယ် မြို့ဟောင်း ထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်း စစ်ဆေးသွားမည်ဟု ၀န်ကြီး ဦးဟိုပင်က ပြောသည်။

“တကယ်လို့ (လျှောက်ထားရာမှာ) ပါနေရင် လေ့လာစိစစ်ရမှာပေါ့၊ (ထောင့်ကွယ်မြို့ဟောင်းထိန်းသိမ်းရေးအဖွဲ့)အစည်းအဝေး ပြန်ခေါ်ရမှာပေါ့” ဟု ၀န်ကြီး က ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လျှောက်ထားသည့် နေရာလေးခု အနက် ကျောက်တွင်းကျေးရွာအုပ်စုရှိ ကမ်းခြေ မြေနေရာသည် သက်္ကရာဇ် ၅၆၆ ခုနှစ်က တည်ထောင်ခဲ့သည့် ထောင့်ကွယ်မြို့ဟောင်း နေရာဖြစ်ကြောင်း ထားဝယ် တိုင်းရင်းသားများပါတီက ထုတ်ပြန်ထား သည်။

ထောင့်ကွယ် မြို့ဟောင်းထိန်းသိမ်းရေးအဖွဲ့ကို ၀န်ကြီးဦးဟိုပင်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများဖြင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ လ ၁၇ ရက်တွင် ဖွဲ့စည်းထားသည်။

ထောင့်ကွယ်မြို့ဟောင်းနေရာမှာ မေ့လျော့ခံနေရာတစ်ခုဖြစ်နေပြီး ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်လျက်ရှိကြောင်း ထားဝယ်သုတေသနအသင်း၏ တင်ပြ ချက်အရ အထက်ပါအဖွဲ့ကို ဖွဲ့စည်းထား ခြင်း ဖြစ်သည်။

အဖွဲ့ဖွဲ့ပြီးကတည်းက အစည်းအဝေး တစ်ကြိမ်မျှပင် ခေါ်ယူခြင်း၊ အဖွဲ့ ဖွဲ့စည်း ပြီးကြောင်း အကြောင်းကြားခြင်း မျိုးပင် မရှိဟု အဖွဲ့ဝင်တစ်ဦးအဖြစ် ဖွဲ့စည်းခံထားရ သည့် ထားဝယ်သုတေသနအသင်းဥက်္ကဋ္ဌ ဦးဇော်သူရက ပြောသည်။

“အစည်းအဝေးပြန်ခေါ်ရင်တော့ ကောင်းတာပေါ့နော်၊ ဆင်းစစ်တဲ့အခါမှာ နားလည်တတ်ကျွမ်းသူတွေ ပါဖို့ လိုတယ်၊ (အစိုးရနဲ့ ဒေသခံ၊ တတ်ကျွမ်းသူတွေ)တွဲပြီးလုပ်မှ အမှန်ကိုမြင်မယ်” ဟု ဦးဇော်သူရက ပြောသည်။

ထောင့်ကွယ် မြို့ဟောင်းထိန်းသိမ်း ရေးအဖွဲ့ ဖွဲ့ပြီး ကြားကာလတွင် တိုင်းရှေး ဟောင်းသုတေသနဦးစီးမှူး ကျန်းမာရေး ခွင့်ယူထားခြင်း၊ ဥက်္ကဋ္ဌတာဝန်ယူထား သည့် မိမိကိုယ်တိုင်လည်း နေပြည်တော်သို့ ခရီးမကြာခဏ သွားနေရခြင်းများ ကြောင့်လုပ်ငန်း မလုပ်ဖြစ်သေးကြောင်း ၀န်ကြီးဦးဟိုပင်က ပြောသည်။

ကျောက်တွင်းကျေးရွာစု ကျောက်တွင်း ကမ်းခြေရှိ မြေ ၁၃၈ ဧက ပေါ်တွင် နိုင်ငံတကာအဆင့်မီ ခရီးသွားလုပ်ငန်း၊ အပန်းဖြေ၀န်ဆောင်မှုလုပ်ငန်းနှင့် အိမ်ရာ စီမံကိန်းလုပ်ဆောင်ရန် ရန်ကုန်မြို့ရှိ ရတနာစိုင်းကောင်းမြတ်ကျော် သတ်္တု တူးဖော်ရေးကုမ်္ပဏီက မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ကိုင်ခွင့် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

မြို့ဟောင်းနေရာတွင် ဟိုတယ်နှင့် အပန်းဖြေစခန်းလျှောက်ထားမှုကို အပြင်းအထန်ကန့်ကွက်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီက ဇန်န၀ါရီလ ၃ ရက်တွင် ထုတ်ပြန်ချက် ထုတ်ခဲ့သည်။

ရှေးခေတ်ကျောက်စီလမ်းကဲ့သို့ သော အထောက်အထားများရှိသေးသော ထို နန်းတော်ဟောင်းနေရာအား လုပ်ကိုင်ခွင့် ပေးလိုက်မည်ဆိုပါက ၂၀၁၅ ခုနှစ် တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ မိမိတို့ထားဝယ်လူမျိုးများ၏ ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခွင့် အခွင့်အရေးကို ချိုးဖောက် လျက်ရှိသည်ကိုတွေ့ရကြောင်း ထားဝယ် တိုင်းရင်းသားများပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Dawei Watch