GGS ကုမ္ပဏီ ဂက်စ်ဖိုးအကြွေးပေးရန် လာရောက်ညှိနှိုင်းခြင်း မရှိသေးဟု လျှပ်စစ်/စွမ်းအင် ဒုအတွင်းဝန် ပြော

0
827

ထားဝယ်ခရိုင်တွင် လျှပ်စစ် ထုတ်လုပ်  ဖြန့်ဖြူးနေသော  GGS ကုမ္ပဏီသည် ဂက်စ်ဖိုး အကြွေးပေးရန်ကိစ်္စ လာရောက် ညှိနှိုင်းခြင်း မရှိသေးဟု ပြည်ထောင်စု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုအတွင်းဝန် ပြောသည်။

တနင်္သာရီအပတ်စဉ်မှ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့တွင် ပြည်ထောင်စု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဒုအတွင်းဝန် ဦးစိုးမြင့်က အထက်ပါအတိုင်း ဖြေကြားခဲ့ ခြင်းဖြစ်သည်။

“သူ့(ဦးအောင်မြတ်)ဆီကတော့ ကျွန်တော်တို့ဆီ တရားဝင်ညှိနှိုင်းတာဘာမှ မလာသေးပါဘူးဗျ။ ခုချိန်ထိတော့ ညှိနှိုင်းတာ မရှိသေးပါဘူး”ဟု ဒုအတွင်းဝန် ဦးစိုးမြင့်က ပြောသည်။

GGS ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်မြတ်က အကြွေးကျန် ကျပ် ၈ ဘီလီယံကိစ္စအား ပြည်ထောင်စုနှင့် တစ်ပတ်အတွင်း ညှိနှိုင်းမည်ဟု ဒီဇင်ဘာ လ ၁၅ ရက်က ထားဝယ်မြို့တော်ခန်းမ ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

“မနက်ကျရင် ကျွန်တော် ပြည်ထောင်စု ကို သွားမယ်။ တိုင်းဒေသကြီးရဲ့ အခက်အခဲတစ်ခုကို ကျွန်တော်တို့ ညှိမယ် ဆိုရင် ပြည်ထောင်စုက ဒီဟာကို မပြေ မလည်ချင်း ကြာချင်ကြာမယ်။ မြန်ချင် မြန်မယ်။ ညှိကိုညှိပေးရမယ်။ အခု ဒီအစည်း အဝေးလုပ်ပြီး တစ်ပတ်အတွင်းမှာ မရမက ဆုံးဖြတ်ချက်တစ်ခုကို ကျွန်တော်ချမယ်”ဟု ဦးအောင်မြတ်က ရှင်းလင်းပွဲ တွင် ပြောခဲ့သည်။

ယင်းသို့ပြောကြားပြီး ၂ ပတ်ကျော် ကြာတွင် တနင်္သာရီအပတ်စဉ်မှ ပြည်ထောင်စု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ ဆက် သွယ်မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဦးအောင်မြတ်၏ပြောဆိုချက်မှာ ၀န်ကြီးဌာနသို့ တရားဝင်ပြောဆိုခြင်း မဟုတ်သည့်အတွက် ညှိနှိုင်းမည်ဟူသည့် ကိစ်္စ မသိရဟု ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုအတွင်းဝန် ဦးစိုးမြင့်က ပြောသည်။

“ကျွန်တော်တို့လည်း အဲဒါကို ညှိနှိုင်း မယ်ဆိုတာ မသိရပါဘူးခင်ဗျ။ သူက ကျွန်တော်တို့ကို တရားဝင်ပြောတာ မဟုတ် တဲ့အတွက် မသိပါဘူး” ဟု ဒုအတွင်းဝန် ဦးစိုးမြင့်က ပြောသည်။

Gloal Grand Service (GGS) ကုမ္ပဏီက ပေးရန်ကျန်ရှိနေသည့် ဂက်စ်ဖိုး ကျပ် ရှစ်ဘီလီယံကျော်အား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ၁၄ ကြိမ် တောင်းခံ ထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် က ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်း ပြောကြားထားသည်။

၎င်းအပြင် ကုမ်္ပဏီ၏ ဂက်စ်ဖိုး အကြွေး ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးများ ၏ သဘောထားမှတ်ချက်များရယူပြီး နိုင်ငံတော်သမ္မတရုံးထံ တင်ပြနိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ပြောဆိုထားသည်။

သဘာဝဓာတ်ငွေ့ဖိုးကို ပြည်ထောင် စုက သတ်မှတ်သည့်နှုန်းထားအတိုင်း ပေးချေရမည်ဆိုပါက မီးစက်ရပ်လျှင် ရပ်၊ မရပ်လျှင် မီတာခနှုန်းထား တစ်ယူနစ်လျှင် ၃၅၀ ကျပ်အထိတိုး ကောက်ရမည့်နည်း လမ်းသာရှိကြောင်း GGS ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်မြတ်က ပြောဆိုထားသည်။

သဘာဝဓာတ်ငွေ့ဖိုးငွေမှာ အဆင့် သင့်ရှိနေသော်လည်း ယင်းငွေကို လိုချင်ပါ က ၀န်ကြီးဌာနအနေဖြင့် ကုမ်္ပဏီနှင့် ညှိနှိုင်းမှုများ ပြုလုပ်ပေးရန် ဦးအောင်မြတ် က ဒီဇင်ဘာလ ၁၅ ရက် ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

 

Dawei Watch