ပုလုံးတုံတုံးတွင် ဆိုလာဖြင့် လျှပ်စစ်ထုတ်နိုင်ချေ ရှိ မရှိ လေ့လာမည်

0
603

ကော့သောင်းမြို့နယ် ၊ ပုလုံးတုံတုံး ကျေးရွာတွင် ဆိုလာ(နေစွမ်းအင်)ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ချေ ရှိ မရှိ အကြိုစူးစမ်းလေ့လာမှုတစ်ခုကို ကုမ္ပဏီတစ်ခုက ပြုလုပ်သွားမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဆိုလာဖြင့် လျှပ်စစ်ဓာတ်အား ၁၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် အဆိုပါ စီမံကိန်း ကို Electric Power Co.,Ltd ကုမ္ပဏီက ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ပုလုံးတုံတုံးကျေးရွာသည် ကော့သောင်းမြို့မှ လေးမိုင်အကွာတွင် တည်ရှိပြီး ယနေ့ချိန်အထိ ပုဂ္ဂလိက လျှပ်စစ်မီးကို ဈေးနှုန်းကြီးမြင့်စွာ အသုံး ပြုနေရသည်။
“၂၄နာရီတော့ မီးလင်းတယ်၊ ဈေး ကတော့ ကြီးတယ်၊ တစ်ယူနစ်ဘတ် ၂၀ မြန်မာငွေ ကျပ် ၉၀၀ လောက် အထိ ပေးသုံးနေရတယ်၊ ဆိုလာစနစ်နဲ့ ပေးတဲ့ မီးကို ဈေးနှုန်းသက်သက်သာသာ သုံးစွဲ ခွင့်ရရင် ကြိုဆိုပါတယ်”ဟု ပုလုံးတုံတုံး ကျေးရွာနေ ဦးကျော်ကျော်က ဆိုသည်။

အဆိုပါကုမ္ပဏီသည် ကော့သောင်း မြို့မှ ၁၄ မိုင်ခန့်အကွာတွင်လည်းBiomass နည်းပညာဖြင့် ၁၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်း ပြုလုပ်နိုင်ချေ ရှိ/မရှိကို စူးစမ်း သွားမည်ဖြစ်ကြောင်း အထက်ပါအဖွဲ့ ထံမှ သိရသည် ။
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတို့အား ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ အကြိုစူးစမ်းလေ့လာရေး လုပ် ငန်းများ ဆောင်ရွက်မည့် Electric Power Co.,Ltd နှင့် တိုင်း အစိုးရအဖွဲ့တို့ အောက်တိုဘာ ၁၆ ရက် က ထားဝယ်မြို့ အစိုးရအဖွဲ့ရုံးတွင် လက်မှတ်ရေးထိုးခဲ့သည်။