ပညာရှင် အခက်အခဲကြောင့် မြိတ်နှင့်လောင်းလုံးတွင် မိုးလေ၀သတိုင်းကိရိယာ မတပ်နိုင်သေး

0
498

ပညာရှင်အခက်အခဲကြောင့် မြိတ် နှင့် လောင်းလုံးမြို့တို့တွင် တပ်ဆင်မည့် အလိုအလျှောက် မိုးလေ၀သတိုင်း ကိရိယာများ ယခု မိုးတွင်းကာလတွင် မတပ်ဆင်နိုင်သေးကြောင်း တနင်္သာရီ တိုင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနထံမှ သိရသည်။
ကိုရီးယားနိုင်ငံနည်းပညာဖြင့် ထုတ်လုပ်ထားသည့် ယင်းကိရိယာ နှစ်ခု မှာ ဇူလိုင်လ ဒုတိယအပတ် ကတည်း က ရောက်ရှိနေပြီး ဖြစ်သော်လည်း တပ်ဆင်မည့်ပေးမည့် ကိုရီးယား နိုင်ငံ သား ပညာရှင်များ နေရပ်ပြန်သွားသဖြင့် မတပ်ဆင်နိုင်သေးကြောင်း အထက်ပါ ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးပိုင်က ပြောသည်။

“ပွင့်လင်းရာသီ ရောက်ရင်တော့ တပ်နိုင်လိမ့်မယ် ထင်တယ်”ဟု ဦးစိုးပိုင် က ဆိုသည်။
ယင်းကိရိယာသည် ရာသီဥတု ဆိုင်ရာ အရေးပေါ် သတိပေးချက်များ ကိုပါ သတိပေးနိုင်ပြီး မိုးလေ၀သဆိုင်ရာ အချက်အလက်များဖြစ်သည့် မိုးရေချိန်၊ အပူချိန် စသည်ဖြင့် အချက်အလက် အမျိုးအစား ၂၀ ကျော်ကို အလိုအလျှောက် တိုင်းတာနိုင်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ဂျပန်နည်းပညာဖြင့် တပ်ဆင်ထားသည့် အလိုအလျှောက် မိုးလေ၀သ တိုင်းကိရိယာနှစ်ခုကို ထားဝယ်မြို့ နှင့် ကော့သောင်းမြို့တွင် တပ်ဆင် အသုံးပြုလျက်ရှိကြောင်း ၎င်းက ပြောသည်။
တိုင်းအတွင်းမြို့နယ် ဆယ်မြို့နယ် ရှိသည့်အနက် ထားဝယ်၊ မြိတ်၊ လောင်းလုံး၊ ကော့သောင်း မြို့လေးမြို့တွင်သာ မိုးလေ၀သစခန်းများ တည်ဆောက်ထား နိုင်ပြီး ကျန်မြို့နယ် ခြောက်မြို့နယ်တွင် မိုးလေ၀သစခန်း မရှိပေ။