ကမ္ဘာ့ဖလား ကိုက်သူများ

0
574

မြန်မာတို့ ကမ္ဘာ့ဖလား ဘောလုံးပွဲ ဆင်နွှဲခွင့်မရပါ။ သို့သော် ပရိသတ်တို့ ဘောပွဲကိုက်ခွင့် ရကြသည်။
ယခုရက်ပိုင်းအတွင်း နံနက် အလုပ် ဆင်းချိန် မျက်လုံးနီနီ မျက်တွင်းဟောက် ဟောက် အိပ်မှုန်စုံမွှား ဖြစ်နေသူတို့ မိမိ ဝန်းကျင်တွင် ရှိနေလျှင် စပ်စုကြည့်ပါ။ ၁၀ ဦးတွင် ၈ ဦးမှာ ဘောပွဲကိုက်နေသူ ဖြစ်ပါလိမ့်မည်။
ကမ္ဘာ့ဖလားဘောလုံးပွဲရာသီ ဖြစ် သည်။ ကမ္ဘာဖလားဘောလုံးပွဲသည် လေးနှစ်တွင်မှ တစ်ကြိမ်ကျင်းပပြီး ပြိုင်ဆိုင်မှု ပြင်းထန်သောကြောင့် ဘောလုံးပွဲ အမြဲမကြည့်သူများပင် ကြည့်ဖြစ်ကြသည်။

ကြည့်ဖြစ်သူတိုင်း အိပ်ရေးပျက် ကြရမည်သာ။
ယခုနှစ် ကမ္ဘာ့ဖလားပွဲကို အိမ် ရှင်အဖြင့် လက်ခံကျင်းပသည့် ရုရှား နိုင်ငံ၏ ညနေခင်းဘောလုံးပွဲကျင်းပချိန် များက မြန်မာစံတော်ချိန်နှင့်ဆိုက ညဘက် ညည့်နက်အချိန်များ ဖြစ်နေ သည်။ ၁၂ နာရီခွဲကန်သော သန်းခေါင် ကျော်ညနက်ပွဲသည် အစောဆုံး နံနက် ၂ နာရီကျော်မှ ပြီးသည်။ ရှုံးထွက်ပွဲဆို ပါက အချိန်ပို၊ ပင်နယ်တီတို့ ကန်ရလျှင် နံနက် ၃ နာရီ ကျော်သွားနိုင်သည်။
သို့ကြောင့် ယခုနှစ် ကမ္ဘာ့ဖလား ညနက်ပွဲ ကြည့်သူတိုင်း ဘောကိုက် အိပ်ငိုက်ကြမည်သာ။
အချို့ကမူ ဘောပွဲကိုက်မခံပါ။

ကမ္ဘာ့ဖလားပွဲများကို ၁၉၉၈ ခုနှစ်မှစ မပျက်မကွက် ကြည့်ခဲ့သော မြိတ်မြို့မှ ကုမ္ပဏီဝန်ထမ်း ကိုအောင်ဖြိုး သည်လည်း ဘောပွဲကိုက်မခံပါ။
“တအားကောင်းတဲ့ ဗိုလ်လုပွဲတွေဆို အလုပ်မှာတစ်ခါတည်း ခွင့်ယူပြီး အား ပေးလိုက်တယ်” ဟု ကိုအောင်ဖြိုးက ပြောသည်။
ညနက်သန်းခေါင်ကျော်မှ တိုက်ရိုက် ကြည့်နိုင်သည့် ဥရောပကလပ်အသင်း ဘောလုံးပွဲများကို အစဉ်တစ်စိုက် ကြည့်နေသော ဘောလုံးဝါသနာအိုး အချို့အတွက်မူ ဘောပွဲကိုက်သည်ဆိုသည့် ဝေါဟာရကို ကျော်လိုက်ကြလေပြီ။ ယခု ကမ္ဘာဖလားက သူတို့အတွက် အရေထူ သွားပြီ။

“ဘောလုံးဝါသနာပါသူအတွက် ဘောပွဲကိုက်တယ်ဆိုတာတော့ ဟာသ လိုပါဘဲ၊ ပရီးမီးယားလိဂ်ပွဲတွေလည်း အဲလိုအိပ်ပျက်တာပဲ၊ အလုပ်မပျက် အောင်တော့ အားစိုက်ပြီးထိန်းရတာပေါ့ မနက်ဆို၊ ပြီးရင်ညဘက်ပြန်ကြည့် တာပဲ။ ကိုယ့်အသင်းနိုင်ရင်ကျေနပ်ပြီ”ဟု ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက် တွင် နေထိုင်သည့် အသက် ၅၀ ကျော် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

တနင်္သာရီအပတ်စဉ်မှ ဆက်သွယ် မေးမြန်းခဲ့သူ အားလုံးနီးပါးက အလုပ် ပျက်အကိုင်ပျက် ဖြစ်ရသည်အထိ ဘောကိုက်သည် မရှိဟု ဖြေကြသည်။ သို့သော် ဘောပွဲတော့ ကိုက်ကြသည်။ အနည်းဆုံး အိပ်ရေးပျက်ကြသည်။
ကမ္ဘာ့ဖလားဘောလုံးပွဲကို ညတိုင်း လိုလို ကြည့်ဖြစ်သော်လည်း အလုပ်ပျက် သွားခြင်းများလည်း မရှိကြောင်း မြိတ်မြို့၊ ကုန်းဖောက်ရပ်နေ ကိုသူရက ပြောသည်။

“အိမ်မှာကြည့်တယ်ဆိုတော့ အိပ်ချိန်လေးနည်းနည်း ရတာပေါ့”ဟု ကိုသူရက ပြောသည်။
ကမ္ဘာ့ဖလားရာသီတွင် အမျိုးသား များသာ အိပ်ရေးပျက်ခံကြည့်ကြသည် မဟုတ်ပါ။ မြန်မာ့ အမျိုးသမီးတစ် ချို့လည်း ဝင်နွှဲကြပါသည်။
ကမ္ဘာ့ဖလားပွဲများကို လွန်ခဲ့သည့် ၁၅ နှစ်ကတည်းက ယခုအထိ ကြည့်ရှု နေပြီး တီဗွီရှေ့ အိပ်ယာခင်းလျက် ပွဲစဉ် များ ညတိုင်းကြည့်ဖြစ်သည်ဟု မြိတ်မြို့ ကန်ဖျားရပ်နေ မငြိမ်းအေးသူက ပြော သည်။
“ကြည့်ရင်းနဲ့ အိပ်ပျော်သွားတဲ့ အခါတွေရှိတယ်၊ ဘယ်အချိန်က ဂိုးသွင်း လိုက်မှန်း မသိဘူး။ တစ်ရေးနိုးရင်ပြန် ကြည့်တာပဲ”ဟု မငြိမ်းအေးသူက ပြောသည်။

ထို့အတွက် နေ့ဘက် အလုပ်မပျက် ဟု သူမက ပြောသည်။
ကော့သောင်းမြို့နယ်ပညာရေးမှူးရုံးမှ မမေဇင်မိုးသည်လည်း ကမ္ဘာ့ဖလား ဘောလုံးပွဲများကို ရုပ်မြင်သံကြားဖြင့် လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း ကြည့်ဖြစ်နေပြီး ယင်းသို့ကြည့်သည့် အတွက် အလုပ်ထဲ၌ အလုပ်ပျက်ခြင်း အိပ်ငိုက်နေခြင်းမျိုး မရှိဟု ဆိုသည်။
“ဘောလုံးပွဲကြည့်ရတာတော့ ဝါသနာပါတယ်၊ အိပ်ရေးပျက်ခံရတဲ့ အထိတော့ မကြည့်ဖူးသေးဘူး”ဟု မမေဇင်စိုးက ပြောသည်။
မြိတ်မြို့သစ်ရပ်မှ ကိုနိုင်သည် လည်း လိမ္မာနေပါပြီ။ လူပျိုတုန်းကလို ဘောပွဲကိုက် မခံတော့ပါ။
“လူပျိုတုန်းကတော့ အလုပ်မရှိ အကိုင်မရှိ ဗီဒီယိုရုံမှာ တစ်ရာသီလုံး မိုးလင်းပေါက်ပဲ၊ ပြီးတော့ တစ်နေ့လုံး အိပ်တယ်”ဟု ကိုနိုင်က ပြောသည်။

ကော့သောင်း ဘုရင့်နောင်ရပ်ကွက် မှ မောင်ဝိုင်းချစ်က လုပ်ငန်းခွင်တွင် ဘောပွဲမကိုက်သော်လည်း နံနက်တွင် အအိပ်ကြီးနေတတ်ကြောင်း ပြောသည်။
“တစ်ခါတစ်လေ အိမ်က ကြီးကြီး ကနှိုးပေးရတာတော့ရှိတယ် အလုပ်မပျက် အောင်”ဟု မောင်ဝိုင်းချစ်က ပြောသည်။
မေးမိသူအများစုက ဘောကိုက်ကာ နံနက်တွင် အိပ်ငိုက်ကြသည်ကိုတော့ ဝန်ခံကြပါသည်။
သို့သော် ဘောလုံးပွဲ မကြည့်တော့ ပါဟု မည်သူမျှ ဝန်မခံကြ၊ ကတိမပြု ကြပါ။

အိပ်ရေးပျက် ဘောပွဲညများနှင့် ယဉ်ပါးပြီးပြီးသားဖြစ်ပြီး နံနက်တွင် ဘောကိုက် အိပ်ငိုက်တတ်သော်လည်း သင်တန်းပျက်ခြင်း၊ အလုပ်အကိုင် ပျက်ခြင်း မရှိဟုဆိုသော လောင်းလုံး မြို့နယ် ရေဖြူရွာသား အသက် ၂၀ အရွယ်ရှိ မောင်ကိုဝိတ်သည်လည်း ဘောကိုက်နံနက်ခင်းများကို နှစ်လိုစွာ ဖြတ်သန်းနေဦးမည်သာ ဖြစ်သည်။
“နောက်ပွဲစဉ်တွေလည်း ကြည့် ဦးမယ်” ဟု မောင်ကိုဝိတ်က ပြောသည်။