ခုံဖိနပ် စီးတတ်ကြသေးပါ၏လော

0
1135

တချိန်က အိမ်တိုင်းအိမ်တိုင်း၏ ဖိနပ်ချွတ်နေရာတွင် သစ်သားဖိနပ်လေး များ နေရာ ယူထားခဲ့ဖူးသည်။ ယခုကား ထိုဖိနပ်လေးများ မတွေ့ရတော့၊ အလွယ်တကူပင် မဝယ်နိုင်တော့ပေ။
နှောင်းလူငယ် အတော်များများ ယင်းသစ်သားဖိနပ်လေးများကို”ခုံဖိနပ်” ဟု ခေါ်ကြောင်းပင် မသိတော့ချေ။
“ခုံဖိနပ်ဆိုတာ ကြားဖူးသလိုလိုပဲ၊ ဒါပေမဲ့ သတိမထားမိဘူး၊ သေသေချာ ချာလည်းမမြင်ဖူးဘူး”ဟု မြိတ်မြို့၊ ဇေယျာသီရိရပ်နေ အသက် ၁၅ နှစ် အရွယ် မမေသဇင်ဖူးက ပြောလာသည်။

လွန်ခဲ့သည့် နှစ် ၁၀ ခန့်ထိမူ ခုံဖိနပ် များကို သက်ကြီးပိုင်းအတော်များများ၏ ခြေထောက်တွင် ဝတ်ဆင်ခဲ့ကြသည်။ အိမ်နေ၊ လမ်းလည်မှအစ ဈေးသွား ဈေးပြန်အဆုံး၊ အထူးသဖြင့် ရေချိုး ရာတွင် ခုံဖိနပ်မှ ခုံဖိနပ်။ သစ်သား ဖိနပ်ဖြစ်သောကြောင့် ရေစိုခံပြီး ချောမည်ကို မပူရသဖြင့် မိုးတွင်းဆိုက ပိုစီးကြသည်။
ထိုစဉ်က သက်ကြီးပိုင်းသာမက အမျိုးသမီးငယ်အချို့ကပါ ခုံဖိနပ်ကို ပေါ့ပေါ့ပါးပါး စီးနေဆဲဖြစ်သည်။ သို့သော် ယခုတော့ ပျောက်ကွယ်လု နီးဖြစ်လေပေပြီ။
ခုံဖိနပ်ကို ငယ်ငယ်မှစ၍ သက္ကရာဇ် ၂၀၀၀ ခုနှစ်ခန့်အထိ စွဲစွဲမြဲမြဲစီးဖူး ကြောင်း မြိတ်မြို့၊ ကန်ဖျားရပ်နေ မငြိမ်းသူကပြောသည်။

“ငယ်ငယ်က ကစားရင်း ရန်ဖြစ်ရင် ခုံဖိနပ်နဲ့ဆော်ထည့်တာက အမှတ် အရဆုံးပဲ”ဟု အသက် ၃၈ နှစ် ရှိပြီ ဖြစ်သော မငြိမ်းသူက ဆိုသည်။
ရန်ဖြစ်က ခုံဖိနပ်ဖြင့် ဆော်တတ် သည်က မငြိမ်းသူ တစ်ဦးတည်း မဟုတ် ပါ။ သစ်သားဖြင့် ပြုလုပ်ထားသဖြင့် ခုံဖိနပ်က အရေးပေါ် လက်နက်တစ်ခု သဖွယ် အသုံးပြုနိုင်သည်။ မတော် တရော် စနောက်တတ်သူများကို ခုံဖိနပ် ဖြစ် ရွယ်တတ်၊ ပစ်ပေါက်တတ်သော စွာတေးလန် အပျိုမလေးများ ထိုခေတ်က ဒုနှင့်ဒေး။
ခုံဖိနပ်ကို သစ်တို၊ ကြဲဇဲ၊ ကမ်း သတ် စသည့် သစ်သားများကို ပုံသွင်းပြုလုပ် လေ့ရှိကြောင်း လွန်ခဲ့သည့် နှစ် ၂၀ ခန့် က ခုံဖိနပ်လုပ်ရောင်းဖူးသူ လောင်းလုံး မြို့နယ် ကျောက်ဆင်ရွာနေ ဦးဘတင်က ပြောပြသည်။

ဖိနပ်ကြိုးကို အစိမ်းရောင် ၄ လက်မ ပိုက်ပျော့အား ၂ လက်မခန့် ဖြတ်သည်။ ရလာသည့် ပိုက်ပျော့ကွင်း အား ၂ ပိုင်း ဖြတ်ရသည်။ ထိုနောက် အမြောင်းပါသော ထီးတံဖြင့် ပန်းပုံ ဖော်ထားသော သစ်သားဖိနပ်လောင်း တွင် ကွင်းတတ်ရကြောင်း ဦးဘတင်က ပြောသည်။
ဦးဘတင် ခုံဖိနပ်ကို ခုံထူခုံပါး၊ ကျားစီး၊ မစီး၊ ကြီး၊ လတ်၊ ငယ် စသဖြင့် ပြုလုပ်ရောင်းချခဲ့စဉ်က တစ်ရံလျှင် နှစ်ရာ ကျပ်။
နောက်ပိုင်းတွင် လူငယ်တစ်ချို့က ခုံဖိနပ်ကို စတိုင်သစ်ထွင်ကာ စီးကြဖူး သည်။

“ဝယ်လာတဲ့ ခုံဖိနပ်ကြိုးကို ဖြုတ် ပစ်ပြီး ကွင်းထိုးဖိနပ်က ကြိုးနဲ့ ကိုယ့် ဘာသာ ပြောင်းတပ်ပြီး စီးကြတာ။ ဝယ်လာကတည်းက ပါလာတဲ့ကြိုးနဲ့ စီးရင် ခြေထောက်နာတယ်” ဟု ထားဝယ် မြို့ ဇရပ်ပြင်ရပ်ကွက်နေ အသက် ၃၁ အရွယ် ကိုဝေယံဦးက ပြောသည်။
ကိုဝေယံဦးက ခုံဖိနပ်ကို နယ်တွင် နေစဉ်ကသာ စီးဖြစ်ပြီး အသက် ၂၀ ခန့်တွင် ထားဝယ်သို့ ပြောင်းလာသော ချိန်မှစ၍ မစီးဖြစ်တော့ဟု ဆိုသည်။
“အခုချိန်မှာ ခုံဖိနပ်စီးရင် အရူးလို့ အပြောခံရမှာပေါ့”ဟု ကိုဝေယံဦးက ပြောသည်။
လက်ရှိတွင် ခုံဖိနပ်စီးသူ မြို့ရော တောပါ မရှိသလောက် ရှားလာလေပြီ။

လောင်းလုံးမြို့နယ် ဝေဒီကျေးရွာ တွင် လွန်ခဲ့သည့် ၁၅ နှစ်ကျော်က တစ်ရွာလုံးနီးပါး ခုံဖိနပ်စီးသည်ကို တွေ့ခဲ့ဖူးသော်လည်း လက်ရှိတွင် စီးသူ တစ်ယောက်မျှ မရှိတော့ဟု ယင်းရွာသူ မစန္ဒာထွေးက ပြောလေသည်။
“ခုံဖိနပ်စီးကြတာ ကျွန်မတို့ ရွာ မှာတော့ တစ်ယောက်မှကို မရှိကြတော့ ဘူး။ စီးချင်ပေမဲ့လည်း နီးနီးနားနား ဝယ်လို့မရတော့ အခက်အခဲ ဖြစ်စေ တယ်” ဟု မစန္ဒာထွေးက ပြောသည်။

မြိတ်မြို့ အချို့ဆိုင်များတွင်မူ ခုံဖိနပ် တစ်ရံလျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းနေသေးကြောင်း မြိတ်တောင်ရပ် နေ မလဲ့လဲ့က ဆိုသည်။
သို့သော် တချိန်က ဈေးကွက်တွင် ပန်းပန်ခဲ့ဖူးသော်လည်း လက်ရှိတွင် စီးသူရှားသော ခုံဖိလေးများက ဆိုင်ခုံ ပေါ်တွင် မျက်နှာငယ်စွာ ဖုန်စွဲခြောက် ကပ်နေပါလိမ့်မည်။

ခါးနာရောဂါကြောင့် ခုံဖိနပ်လုပ် ရောင်းသည်ကို ရပ်လိုက်သည်ဆိုသော ဦးဘတင် တခုတ်တရ သိမ်းထားသည်မှာ ကြာပြီဖြစ်သည့် နမူနာပုံစံခုံဖိနပ်လောင်း များကို ထုတ်ပြသောအခါ အသက် ၁၅ နှစ်အရွယ် မြေးမလေးက အထူးအဆန်း ပစ္စည်းသဖွယ်ကြည့်ကာ ပြောသည်။
“ဖရှင် (ထားဝယ်အခေါ်ဖြင့် အဘိုး)၊ ကြိုးတပ်ပေးနော်၊ ကျွန်မ စီးချင်လို့”