ခြေလေးချောင်းတော်လှန်ရေး (၁၁)

ယခင်အပတ်မှ အဆက်
ဆောင်းဝင်လာသောအခါ မယ်သီ သည် တနေ့တခြား မူမမှန်သော အခြင်း အရာကို ပြသည်။ မနက်တိုင်းလည်း အလုပ်နောက်ကျသည်။ အိပ်ပျော်နေလို့ ပါဟု သူက ဆင်ခြေပေးသည်။ ပြီးတော့ ဟိုက နာသလိုသည် ကနာသလိုလည်း ပြောသေးသည်။ သို့ရာတွင် မယ်သီသည် အစားအသောက် လုံးဝမပျက်။ မယ်သီ သည် အကြောင်းအမျိုးမျိုးရှာ၍ အလုပ် မလုပ်ဘဲ နေပြီးလျှင် ကန်စပ်သို့ သွား ကာ ရေထဲ၌ သူ့အရိပ်ကိုသူ တကြည့်ထဲ ကြည့်ပြီး သူ့ကိုယ်သူ တသသနှင့် နေ သည်။ ထို့ပြင် မယ်သီ၏ အပြူအမူနှင့် ပတ်သက်၍ ထို့ထက် အရေးကြီးသော အကြောင်းများကိုလည်း ကောလာဟလ ပြောကြသည်။ တနေ့တွင် မယ်သီသည် ပါးစပ်က ပြောင်းရိုးတချောင်းကို ဝါး၍ အမြီးကို ဟန်တများများနှင့် ဝှေ့ဝှေ့ပြီး ဝင်လာ သည်။ ထိုအခါ ခွါဖြူက မယ်သီ အား အနားသို့လက်တို့၍ ခေါ်ပြီးလျှင်”ဟေ့မယ်သီရေ ညီ့အကြောင်း ငါကြား တယ်နော်။ ညီးလုပ်ပုံကိုင်ပုံဟာ မဟုတ် ဘူး။ မနက်ကလဲ စည်းရိုးကျော်ပြီး ညီးဟာ ဦး ပေါက်ကျော်တို့ ကွင်းဖက်ကို တကြည့် ကြည့်နဲ့ လုပ်နေတာ ငါမြင်တယ်၊ ပြီး တော့ ဟိုဘက်မှာလဲ ဦးပေါက်ကျော်ရဲ့ တပည့်တယောက် ရပ်နေတာ ငါတွေ့ တယ်။ ဒီတုန်းက ငါက ခပ်လှမ်းလှမ်းကမို့ သေသေ ချာချာတော့ မမြင်လိုက်ရဘူး။ တာပေမဲ့ ငါထင်တယ်။ အဲဒီလူနဲ့ ညီး စကား ပြောနေတယ် မဟုတ်လား။ သူက တောင်မှ ညီ့ကျောကို သပ်ပေး နေသေး တယ်လေ။ အဲတာ ဘယ်လို သဘောလဲ အေ။ ငါ့ကို ပြောစမ်းပါအုံး”ဟု တိုးတိုး တိတ်တိတ် မေးသည်။ ထိုအခါ မယ်သီ က စိတ်ဆိုးလေဟန်ဖြင့် “အမယ်လေး မဟုတ်ရပါဘူးတော်။ ဘုရားပေးပေး ကျမ်းပေးပေး ငါဘယ်လူနဲ့မှ စကား မပြောရပါဘူးတော်။ မခွါဖြူ တော်ဟာ စကားပြောယင် သတိထားပြောပါ။ သူများကို မဟုတ်မတရား မပြောချင်ပါ နှင့်”ဟု ဆိုကာ မြေကြီးကိုခွါနှင့် ပေါက် ၍ နေသည်။
သည်တော့ ခွါဖြူက “ဟေ့ မယ် သီ ငါ့မျက်နှာကို ကြည့်ပြောစမ်းပါအေ့။ ညီး ဟိုလူနဲက စကားမပြောရဘူး။ ဟိုလူကလဲ ညီ့ကျောကို လက်နဲ့ သပ်မ ပေးဘူးဆိုတာ ညီးဘဝ ဆက်တိုင်းဆက် တိုင်း တိရစ္ဆာန်မဖြစ်ရဘဲရှိ”ဟု အကျိန် ခိုင်းသည်။ မယ်သီက “အမယ် ဟုတ်မှ မဟုတ်ဘဲနဲ့ ဘာလို့ ကျိန်ရမှာလဲ “ဟု ပြောပြီးလျှင် လယ်ထဲသို့ ခွါစုံပေါက်၍ ထွက်သွားသည်။

ထိုအခါ ခွါဖြူက အကြံရသဖြင့် ဘယ်သူ့မှ မပြောဘဲ မယ်သီ၏ ဇောင်း ကို သွား၍ကြည်သည်။ ခွါဖြူက ကောက်ရိုးများကို ခွါနှင့်ယက်၍ ဟိုလှန် သည်လှန် လှန်လှေရှာသောအခါ ထန်း လျှက်လေး ငါးခြောက်လုံးနှင့် ရောင်စုံ ဖဲကြိုးဖြင့် ချည်ထားသော ကြေးခလောက် ခလေးများနှစ်ခု သုံးခု တွေ့သည်။
နောက်သုံးရက်လောက် ကြာသော အခါ မယ်သီပျောက်၍ သွားသည်။ တလ နှစ်လ သူ့သတင်းကို ဘာမျှ မကြားရ။ ထို့နောက် မယ်သီကို ရွာသစ် ကြီးဖက်၌ တွေ့ခဲ့ကြောင်းနှင့် ခိုများက အစီရင်ခံ ကြသည်။ ခိုများ၏ အစီရင် ခံစာအရ မယ်သီမှာ ချမ်းသာသော လူသားတဦး၏ ဒေါက်ကတ်ရထားကို ဆွဲ၍ နေကြောင်း သူ့အမွေးများကိုလည်း မကြာခင်က စက် ကတ်ကျေးထိုးထားကြောင်း သူ့လည်ပင်း ၌လည်း ဖဲကြိုးဖြင့် ကြေးခလောက် ခလေးများ ဆွဲထားကြောင်း ။ မယ်သီမှာ အင်မတန် သဘောကျနေပုံရကြောင်း။ သူ့သခင် လူသားကလည်း ကျောကို သပ် ၍ ထန်းလျက်ကျွေးနေကြောင်း သိကြရ သည်။ ထိုအခါကစ၍ မယ်သီ၏အကြောင်း ကို ဘယ်တိရစ္ဆာန်ကမျှ စကားထဲထဲ့၍ မပြောကြတော့။

ထို့နောက် ရာသီဥတုပူပြင်းလာ သောအခါ ရေရှား၍ လာသည် ။ မြေပြင် တခုလုံးလည်း မီးအုံးထားသော သံပြား ကဲ့သို့ ပူသည်။ တိရစ္ဆာန်တို့သည် မိမိတို့ ၏ ရှေ့ရေးပြဿနာကို ဖြေဖြတ်ရန် အ ကြိမ်ကြိမ် စည်းဝေးကြသည်။ အစည်းအ ဝေးတိုင်းတွင် ဝက်များက စီမံကိန်းများ ထင်ပြကြသည်။ ဝက်များမှာ အခြားသော တိရစ္ဆာန်တို့ထက် ပို၍ ဥာဏ်ပညာရှိသူ များဖြစ်သဖြင့် စီမံကိန်းဝါဒ ရေးဆွဲဖို့ အလုပ်တွင် သူတို့ကိုသာ တာဝန်လွှဲ၍ ခေါင်းဆောင်ခန့် ကြရသည်။ တိရစ္ဆာန် တို့မှာ အစည်းအဝေးကြီး၌ မကြိုက်တာ ကို ပယ်ချနိုင်ခွင့် ကြိုက်တာကို အတည် ပြုနိုင်ခွင့်ရှိသော်လည်း အစစအရာရာ တွင် ဝက်များ စီမံသည်ကိုသာ လိုက်နာ ကြသည်။ ဤသို့လျှင် ဝက်များက စီမံ၍ တိရစ္ဆာန် အစည်းအဝေးကြီးက ပယ်ချ ခြင်း အတည်ပြုခြင်း ပြုနိုင်သော စံနစ်မှာ အတော်ဟန်နေသော်လည်း ဗန္ဓုလ နှင့် ဘော်ဖြူတို့ တကောင်နှင့် တကောင် အ မြဲသဘောကွဲနေကြသဖြင့် ထိုစံနစ်ကို ဆက်လက်၍ အသုံးမပြုနိုင်ဘဲ ရှိသည်။ ဗန္ဓုလနှင့် ဘော်ဖြူမှာ တကောင်နှင့် တကောင် တချက်မျှ သဘောတိုက်ဆိုင် ခြင်းမရှိ။ တကောင်က သည်နှစ်စပါး များများ စိုက်ဖို့ပြောလျှင် တကောင်က နှမ်းများများ ကြဲဖို့ပြောသည်။ တကောင် က သည်မြေမှာ ပြောင်းကြဲဖို့ကောင်း သည်ဆိုလျှင် တကောင်က မြေပဲစိုက်မှ ကောင်းမည်ပြောသည်။ တကောင် တ ကောင်မှာ သူ့နောက်လိုက်များနှင့် သူ နေကြသည်။ အစည်းအဝေးများ၌လည်း တကောင်နှင့်တကောင် အပြင်းအထန် အတိုက်အခံ လုပ်ကြသည်။ ဘော်ဖြူမှာ စကားပြောကောင်းသဖြင့် အစည်းအဝေး များ၌ မဲခွဲရာတွင် သူ့ဘက်ကချည်း အ နိုင်ရသည်။ ဗန္ဓုလမှာ စကားပြောမ ကောင်းသော်လည်း တကောင်ချင်းတ ကောင်ချင်း ကြိတ်၍ သူ့ဘက်သို့ ပါ အောင် အဆွယ်ကောင်းသည်။ အထူးသ ဖြင့် အစဉ်စားဥာဏ်နည်းသော သိုးများ မှာ ဗန္ဓုလကို သဘောကျကြသည်။

သိုးများမှာ အကြောင်းသင့်သည် မသင့်သည်ကို မရွေးဘဲ “ခြေလေး ချောင်း ကောင်းတယ်။ ခြေနှစ်ချောင်း မကောင်း ဘူး” ဆိုသော ဆောင်ပုဒ်ကို တအော်ထဲ အော်၍နေကြသည်။ အစည်း အဝေးလုပ် နေစဉ်လည်း ထိုဆောင်ပုဒ်ကို အော်၍ နှောင့်ရှက်တတ်သည်။ ဘော်ဖြူက အစည်းအဝေး၌ အရေးကြီးသော စကား ကို ပြောသည့်အခါတိုင်း သိုးများက “ခြေလေးချောင်းကောင်းတယ်။ ခြေနှစ် ချောင်းမကောင်းဘူး”ဟု အော်ကြသည်။ ဘော်ဖြူသည် လယ်ယာစိုက်ပျိုးရေး မဂ္ဂင်ဇင်းအဟောင်းများကို ရှာ၍ ဖတ်ပြီး လျှင် ကောက်ပဲသီးနှံပို၍ ထွက်အောင် အမြဲကြံစည်စိတ်ကူး လျက်ရှိသည်။ မြေဩဇာဓါတ်များအကြောင်းနှင့် ပတ်သက်၍လည်း ဘော်ဖြူအများကြီး လေ့လားထားသည်။ အားလုံးသော တိရစ္ဆာန်များကိုလည်း ကျင်ကြီး စွန့်သည့်အခါတွင် တွေ့ကရာနေရာတွင် အရမ်းမစွန့်ကြဘဲနှင့် လယ်ထဲယာထဲသို့ သွား၍ တနေ့ တနေရာကျ ပြောင်း၍ ပြောင်း၍ စည်းကမ်းတကျ စွန့်ကြရန် ပြောသည်။ ထိုသို့ စီစဉ်ခြင်း အားဖြင့် နောက်ချေသယ်ရသည့် အလုပ် သက်သာ နိုင်ကြောင်းကို ပြောပြသည်။ ဗန္ဓုလမှာ သူကိုယ်တိုင်လည်း ဘာစီမံကိန်းမှ မထုတ်။ ဘော်ဖြူ၏စီမံကိန်းများ သည် လည်း ပျက်ကုန်မှာချည်းဘဲဟု ပြော သည်။ သို့ရာကြတွင် သူ့ကို ကြည့်ရ သည်မှာ အကြံတခုခုနှင့် အခွင့်အခါကို သာ စောင့်နေပုံရသည်။ တနေ့တွင် ဘော် ဖြူက တကွင်းလုံးထိန်နေအောင် မီး ထွန်းနိုင်ရန် ဓါတ်မီးစက်တည်ဖို့ အကြံ ပေးသည်။ ထိုအခါ ဗန္ဓုလက အပြင်းအ ထန်ကန့်ကွက်သည်။
ဘော်ဖြူသည် ကုန်းခပ်ကျကျ နေ ရာတခုကို ရွေး၍ ထိုနေရာ၌ ဓါတ်မီးစက် တခုတည်လျှင် သင့်မည်ဟု ပြောသည်။ ထိုနေရာကို အသေအချာ တိုင်းထွာ ကြည့်ရှုပြီး နောက် ထိုနေရာ ၌သာ ဓါတ် မီးစက် တည်လိုက်ရလျှင် တကွင်းလုံး ဓါတ်မီးတထိန်ထိန်နှင့် နေနိုင်ပြီးလျှင် ပြောင်းရိုး စဉ်းစက် စပါးလှေ့စက် နို့ညှစ် များပါဆင်၍ ရမည်ဟုပြောသည်။ တိရစ္ဆာန် များ စက်အကြောင်းကို ဘာမျှနားမ လည် ကြ။ ဘော်ဖြူက ဓါတ်မီးစက်ပြီးသည်နှင့် တပြိုက်နက် အလုပ်လုပ်ဖို့ စက်အမျိုးမျိုး ထပ်ဆင်ထားနိုင်မည်ဖြစ်၍ တိရစ္ဆာန်များ မှာ အားလပ်ချိန် ပို၍ရကြပြီးလျှင် ပညာ သင်ချိန် အပျင်းပြေ စကားစမြီးပြောချိန် ဆွေးနွေးချိန်ပို၍ ရကြမည်ဟု လွမ်းလောက် အောင် ပြောပြသည်။

နောက်တလ ကြာသောအခါ ဓါတ် မီးစက်တည်ရန်အတွက် စီမံကိန်းများ အပြည့်အစုံရေးဆွဲပြီးသည်။ ဘော်ဖြူ သည် ဦးသာခေါင်ဆီမှ ကျန်ရန်ခဲ့သော အိမ်ကိစ္စအဝ၀လုပ်နည်း စာအုပ်ပန်းရန် လုပ်နည်းစာအုပ် လျှပ်စစ်ဓါတ်ပညာ အခြေခံစာအုပ်များကို အမြဲလေ့ လာပြီးလျှင် ယခင်က ကြက်ခြံလုပ် ထားသော တင်းကုပ်ကို အလုပ်ရုံအဖြစ် အသုံးပြုသည်။ အဆိုပါ တင်းကုပ်ထဲတွင် သစ်သားစားပွဲခုံဟောင်းကြီးတခု တွေ့သဖြင့် စီမံကိန်း စံနစ်ပုံများ ဆွဲဖို့ အတွက်လည်း နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်ဖြစ်လျှက် ရှိသည်။ ဘော်ဖြူ သည် စာအုပ်များကို ဖွင့်၍ ကျောက်ခဲ နှင့်ဖိထားပြီးလျှင် လက်နှစ်ဖက်ကြားတွင် မြေဖြူတောင့်ကို ကိုင်၍ ဟိုဖက်သည်ဖက် ရွှေ့ကာ မျဉ်းကြောင်းများ ရေးဆွဲကာ ပုံစံထုတ်ပြီးလျှင် ပါးစပ်ကလည်း အလွန် ကြေနပ်လေဟန်ဖြင့် တတွတ်တွတ် စကားပြောလျက်ရှိသည်။ တဖြည်ဖြည်း ခြင်နှင့် တင်းကုပ်အတွင်းက မြေပြင်မှာ ဘော်ဖြူဆွဲထားသော ဝန်ရိုးပုံများ ခွေး သွားစိတ်ဘီးပုံများဖြင့် ပြည့်၍ နေသည်။ အခြားတိရစ္ဆာန်များလည်း ဝိုင်း၍ ကြည့်ပြီးလျှင် နားမလည်သော်လည်း သိပ်နေရာကျတာဘဲဟု ထင်ကြသည်။
တိရစ္ဆာန်အားလုံးတို့သည် အနည်း ဆုံး တနေ့လျှင် တကြိမ်ကျ ဘော်ဖြူ၏ စက်ပုံစံကို လာ၍ ကြည့်ကြသည်။ အမှုမဲ့ အမှတ်မဲ့ နေလေ့ရှိသော ကြက် များ ဘဲများပင်လျှင်လာ၍ မကြည့်ဘဲ မနေနိုင်ကြ။ လာကြည့်ကြ သောအခါ၌ မတော် တဆတက်မနင်း မိစေရန်လည်း အထူး သတိထား ကြသည်။ ဗန္ဓုလမှာ အစကန ဦးကပင် ဓါတ်မီးစက်တည်ဖို့ အကြံကို သဘောမကျသဖြင့် ဘော်ဖြူ၏ စက်ပုံစံကို တခါမျှလာ၍ မကြည့်ဘဲ ရှောင်၍ နေသည်။ တနေ့တွင် ဘော်ဖြူ ၏ စက်ပုံ စံကို ဗန္ဓုလက ရုတ်တရက် လာ၍ ကြည့်သည်။ ဗန္ဓုလသည် ထင်းကုပ်ဘေးပတ်ချာ လှည့်၍ ကြည့်ပြီး လျှင် စက်ပုံစံကိုလည်း သေသေချာချာ စုံစေ့အောင်ကြည့်သည်။ ထိုနောက် တခါနှစ်ခါလောက် အနံ့ခံ ကြည့်ပြီးသော် အတော်ကြာကြာမျက် စောင်းထိုး၍ နေပြီးလျှင် ဘာမပြောညာ မပြောနှင့် ခြေတချောင်းကိုမြှောက်ကာ သေးနှင့် ပန်းပစ်သည်။ ထို့နောက် ဘာမျှမ ပြောဘဲ ထွက်သွားသည်။

လာမည့်အပတ် ဆက်လက် ဖော်ပြ ပါမည်။

Related Posts