မဲဆွယ်အပြုံး

0
8106

အုပ်ချုပ်ရေးမှူး ပြန်ရွေးတော့မည် စကြား ကတည်းက ရှင်ဂွမ်းဂွိ မှန်ရှေ့က မခွာတော့။ အပြုံးလေ့ကျင့်နေရခြင်း ဖြစ်သည်။ သူအုပ်ချုပ်ရေးမှူး ပြန် ဖြစ်ရေးအတွက် လူတိုင်းကို ပြုံးပြရ မည်ဟု သူသိနေသည်။
“ဟီး ဟီး..”
မကောင်း။ ပါးဖောင်းအစ်အစ်ပေါ်မှ ပါး ကွက်ကြားများတွန့်ကာ စပ်ဖြီးဖြီး ပြောင် စပ်စပ် ဖြစ်နေသည်။

“ဟဲ ဟဲ..”
“ဟင်း ဟင်း..”
“ဟေး ဟေး..”
တစ်ခုမှ မမိုက်။ ငပေါမကြီးလို ဖြစ်နေသည်။ မျက်နှာ ချိုသွေးလွန်းသလို လည်း မဖြစ်စေချင်။ ခက်လှတော့သည်။

သူမအုပ်ချုပ်ရေးမှူး စဖြစ်သော ၂၀၁၅ ခုနှစ်က ယခုကဲ့သို့ အပြုံးလေ့ကျင့် ရန် မလိုခဲ့ချေ။ ပွဲချောင်ခဲ့သည်။ ရပ်သူ ရွာသားများက သူ့အရင်အုပ်ချုပ်ရေးမှူး အား လုံးဝမနှစ်သက်သည်က တစ် ကြောင်း၊ ဘကြီးတော်စပ်သည့် ရွာဦး ဆရာတော်၏ စောင်မမှုကြောင့် လည်းကောင်း သူမအုပ်ချုပ်ရေးမှူး လွယ်လင့်တကူ ဖြစ်ခဲ့သည်။
“မအာလူးလေးကိုပဲ အုပ်ချုပ်ရေး မှူး တင်ကြည့်ကြပါလား၊ မကြိုက် ပြန်ဖြုတ် ကြတာပေါ့”ဟု ဘကြီး ဆရာတော်က နှုတ်ဖြင့် စောင်မတော်မူ လိုက်သောအခါ ရွာအတွင်းမှ ဆယ်အိမ် မှူး အားလုံးက “တင်ပါ့ဘုရား” ခဲ့ကြရ သည်။
ရွာသားများကလည်း လူဟောင်း မဟုတ်ရင် ပြီးရော။ ကြားထဲတွင် သူ့ လုပ်ရပ်အပေါ် မကြိုက်သူများ ရှိခဲ့သော် လည်း ဘကြီးဆရာတော်၏ မျက်နှာဖြင့် သူ့ကို သည်းခံခဲ့ကြ ဟန်တူသည်။
အခုထိ သူမြဲခဲ့သည်။

နောက်ပွဲအတွက်ကား မသေချာ တော့။ ရွာသားများ သူ့ကို မကြည်ညို တော့သည် ကိုရှင်ဂွမ်းဂွိ သိသည်။
သူမစတက်သောအခါ သူမ၏ အုပ်ချုပ်ရေးမှူးရုံးရှေ့က ထော်လာဂျီနှင့် နွားလှည်းမဖြတ်ရဟု ဆုံးဖြတ်ကြေညာမိ သည်အစ၊ အုပ်ချူပ်ရေးမှူး မလုပ်တတ် ပါဘူး ပြောမိသည်အလယ်၊ ရွာနံဘေး စားကျက်မြေမှာ ကျွဲ၊ နွား၊ ဆိတ် မကျောင်းရဟု ပြောမိသည်အဆုံး သူမကို ရွာသားများ ဝိုင်းဟားကြလေ သည်။
အဆိုးဆုံးမှာ လျှပ်စစ်မီးကိစ္စ အာထွားမိခြင်း ဖြစ်သည်။ ယူနစ်ဈေးကို သူမစတက်စဉ်ကထက် ၃ ဆခန့် လျော့ကျအောင် စွမ်းဆောင်ပါမည် ပြောခဲ့မိသည်။ သို့သော် အခု ၂ နှစ်ကျော် သည်အထိ မလုပ်နိုင်ခဲ့။

ကြားထဲတွင် လျှပ်စစ်မီးပေးနေသည့် ရှင်ဂွမ်းဂွိ၏ ဆွေတော်မျိုးတော်များ ပိုင် ဆိုင်သော မီးစက်က ခဏခဏပျက်နေ ခြင်းကလည်း သူ့မအား ရွာ၏ထောက်ခံ မှု လျော့ကျစေသည်။ ဘကြီး ဆရာတော် ကလည်း ယင်းအချိန်တွင် အုပ်ချုပ်ရေးမှူး ကိစ္စ ၀စီပိတ်ကျင့်နေ တော်မူလေသည်။
ရွာထဲမှ လူငယ် ဖေ့ဘုတ်ဆယ်လီ များကတော့ ဖေ့ဘုတ်ပေါ်မှတစ်ဆင့် ထိုင်ခုံဆွဲလှုပ်ကြသည် (သူမ သမီးထံမှ တစ်ဆင့် သိရခြင်း ဖြစ်သည်။ ရှင်ဂွမ်းဂွိ ကတော့ ဖေ့ဘုတ် မသုံးတတ်)။ “မလုပ် တတ်ရင်ဆင်း” အပြောခံရသည်။ ဘကြီး ဆရာတော်က ဖေ့ဘုတ်မသုံးသော်လည်း သိနေသည်။

“အုပ်ချုပ်ရေးမှူးအဖြစ် ကြာကြာစံ ချင်ရင် ကြာဆံချက် ကျွေး”ဟု တီးတိုး မိန့်တော်မူသည်။ သို့ကြောင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများအား အိမ်သို့ ခေါ်ယူကာ ကြာဇံချက် ကျွေးရ သေးသည်။
ယခုမူ သူတို့ ကြာဇံချက်ကျွေးထား သည့်မျက်နှာကို မထောက်တော့။ အုပ်ချုပ်ရေးမှူး ထိုင်ခုံကိုသာ ဝိုင်းမျက် စောင်းထိုးနေကြသည်။
သို့ကြောင့် ရှင်ဂွမ်းဂွိခမျာ ကိုယ့်အားကိုယ် ကိုးကာ အပြုံးသာ ကျင့်နေရတော့သည်။ တစ်ပတ်ခန့် (လူမသိအောင်)လေ့ကျင့် ပြီးနောက်တွင် သူနှင့် အလိုက်ဖက်ဆုံးသော အားလုံး ပြီးပြည့်စုံသည့် “မဲဆွယ်အပြုံး” တစ်ခု ရလိုက်သည်။
“ဟွင်း ဟွင်း ဟွင်း..”

ပဏာမအဖြစ် သမီးလှရတနာ ရှင်ဂွမ်းကလိကို စပြုံးပြရသည်။ သူ့ အား အိမ်ထောင်စု ကိုယ်စားလှယ်အဖြစ် မဲပေးရန် ဖြစ်သည်။ သမီးကို ပိုင်လျှင် အိမ်ထောင်စုကိုယ်စားလှယ် ဖြစ်ပြီ။ ယောက်ျးက မပူရ။ တချို့က ဆိုလျှင် နောက်ကွယ်တွင် “ထမိန်ခြုံ”ဟုပင် ခေါ်ကြသည်ထိ ရှင်ဂွမ်းဂွိ ယောက်ျးက အေးဆေးသည်။ သို့သော် သမီးနှင့် အဖေပေါင်းကြံကာ သူ့ကို ကပ်ဖြုတ် သွားမည်တော့ စိုးရသည်။ သမီးရှင်ဂွမ်း ကလိက လူငယ်ခြေတက် ဖေ့စ်ဘွတ် ဆယ်လီရူးရူးနေသူ မဟုတ်ပါလော။
“ဟွင်း ဟွင်း ဟွင်း..”

ပြုံးပြသောအခါ ရှင် ဂွမ်းကလိ ဘုကြည့်ကြည့်သည်။ စကား နည်းနည်း ခင်းလိုက်သောအခါ ရှင်ဂွမ်းကလိ အထာပေါက်သွားသည်။
“သူကြီးမရဲ့ သမီးဖြစ်ရတာ မချောင်ဘူး အမေရဲ့၊ ကာလသားတွေ လည်း အမေ့အရှိန်နဲ့ မစတော့ဘူး၊ နောက် ၅ နှစ်ဆို ကျွန်မဟိုင်းပြီလေ”
မလုပ်စေချင်သည့် သဘော။ သူ့ဘာသူ ပီပါပိုင်းဘော်ဒီကြောင့် မစွံ သည်ကို တစ်ရွာလုံးအသိ။ သို့သော်။
“လုပ်လက်စတွေ ရှိသေးတယ်လေ၊ ဒါ တွေပြီးမှ တို့အိမ်နောင်ရေး အဲလေ..၊ တို့ရွာနောင်ရေးအေးတော့မယ်ပေါ့ ကလိ ရယ်နော်၊ ဟွင်း ဟွင်း ဟွင်း..”
နောက်ဆုံးမဲဆွယ်အပြုံး အောင်မြင် သွားသည်။
သို့သော် ကတိ ၁ ခု ပေးလိုက်ရ သည်။ လောလောဆယ် ပန်းသီးတံဆိပ် ဖုန်းတစ်လုံး ဝယ်ပေးရမည်။ အုပ်ချုပ် ရေး မှူးဖြစ်ခဲ့လျှင် အဝတ်အစားဝယ်ရန် လစာ၏ တစ်ဝက်ကို လတိုင်း ပေးရမည်။

အိမ်ထောင်စုကိုယ်စားလှယ်ဖြစ်ရန် သေ ချာသောအခါ ဆယ်အိမ်မှူးဖြစ်ရေး စီမံရသည်။ သူမ၏ အိမ်နှင့် ဝန်းကျင် ဆယ်အိမ်ကို ထောက်ခံနိုင်သည့် အိမ် များအား သူမဘာသာ ရွေးလိုက်သည်။ ထိုနောက် မဲဆွယ်အပြုံး ကွင်းဆင်းသည်။
“ဟွင်း ဟွင်း ဟွင်း..”
အတော်လေး အဆင်ပြေသည်။ တချို့အိမ်များက သူမ၏ အကြွေးမကင်း သလို နှစ်လုံး သုံးလုံးဒိုင်၊ ဖဲကျိတ်ဝိုင်း လက်ခံသည့် အိမ် စသဖြင့်မို့ ပိုအဆင် ချောလှသည်။
သို့သော်..၊ သူ၏ မဲဆွယ် အပြုံး မည်သို့ ပေါက်ကြားသွားသည် မသိ။ ရွာ၏ ဖေ့ဘုတ်ဆယ်လီတစ်စု ထအော် နေကြောင်း သမီးရှင်ဂွမ်းကလိက သတင်းပို့သည်။ သမီးက ဖုန်းထဲမှ စာကို ဖတ်ပြသည်။

“ဒီတခါ မဲလာဆွယ်ရင် ပါးချည်းပဲ ဆွဲရိုက်မခံရ ကံကောင်း”
အောင်းမြတ်လေး..။ ဘယ်နှယ် လုပ်ရပါ့ ..။ ဖုန်းထဲတွင် “လိုက်”ဟုခေါ်သည့် လက်မထောင်သူက အတော်များသည်။ “ဟ ဟ”ခေါ်သည့် အမြင်ကပ်ဖွယ် ဂတုံးစတေကာ ရယ် နေသည့် ပုံကလည်း ရှိသေး။
“ရှင်ဂွမ်းကလိ.. သမီးရယ်၊ ဘယ်နှယ်လုပ်ရပါ”

“လွယ်ပါတယ် အမေရယ်..၊ အဲဒီစာရေးတဲ့ လူကို အိုင်ဖုန်းတစ် လုံးလက်ဆောင် ပေးလိုက်၊ သမီးသွား ပေးပေးမယ်။ လိုက်တွေ ဟဟတွေ ပေးတဲ့လူအကုန်မှတ်ပြီး တစ်ခုခု ဖိတ်ကျွေးလိုက်၊ ဖုန်းငွေဖြည့်ကတ် ကံစမ်းမဲတွေပါ ဖောက်ပေးလိုက်၊ အေးရော..”
ဖုန်းနှင့် ဖုန်းငွေဖြည့်ကတ်၊ ကြာ ဆန်ချက်ရန် လိုအပ်သည်များမှာ ရသည် မှာ ငွေ ၁၀ သိန်းကျော် ပြောင်သွားသည်။
ကြာဆန်ချက် ကျွေးသည့်ည နောက်တစ် နေ့နံနက်တွင် အုပ်ချုပ်ရေး မှူး ရှင်ဂွမ်းဂွိ စာတစ်စောင် လက်ခံရ ရှိသည်။

အမေ..
အမေပေးမယ့် လခတစ်ဝက်က ရေမှာ ရေးတဲ့ အရုပ်ပါ အမေ။ အမေ့ ဘက်မှာ တစ်ရွာလုံးမရှိတာအမေ့ကို ပြောရမှာ အားနာတယ် အမေ။ ဒါကြောင့် သမီးရည်းစားနဲ့ တိုင်ပင်ပြီး ခုလိုလုပ်လိုက်ရတာပါ။
“ဒီတစ်ခါ မဲလာဆွယ်ရင် ပါးချည်း ပဲဆွဲ ရိုက်မခံရကံကောင်း”ဆိုပြီး ဖေ့ဘုတ်မှာ စာရေးတဲ့ ဆယ်လီက သမီးရည်းစားညှပ် ကလေးပါ။ သူက လည်း အုပ်ချုပ်ရေးမှူး လုပ်ချင်နေ ပါတယ်။ ဒါကြောင့် သမီးက ပါရမီဖြည့် ဖို့ ညှပ်ကလေးနဲ့ ခိုးရာလိုက်သွားပါပြီ။
ဒီတစ်ကြိမ်တော့ စိတ်လျှော့ လိုက်ပါ အမေ။
အုပ်ချုပ်ရေးမှူး ကတော်အဖြင့် အမေ့ကို လာကန်တော့ပါ့မယ် လို့စ်..။
ပုံ
ရှင်ဂွမ်းကလိ(လက်ရှိ-ဆယ်လီကတော်)

“အီး.. ဟီး ဟီး..”
ရှင်ဂွမ်းဂွိ တဟွင်းဟွင်းဖြင့် မဲဆွယ်အပြုံး မပြုံးနိုင်တော့..။ နောက်ဆုံး အားကိုး ရာရွာဦးကျောင်း ဘကြီးဆရာတော်ဆီ ပြေးတော့သည်။ ဘကြီးဆရာတော်က အရေးတကြီး ဆီးပြောသည်။
“အိမ်း ရှင်ဂွမ်းဂွိရေ..၊ ငါသိ သလောက် နင်လည်း ထပ်အရွေး ခံဖို့ အဆင်မပြေတော့ဘူး၊ တို့ရဲ့ သူကြီး မျိုးရိုးကလည်း အပျက်ခံလို့ မဖြစ်ဘူး..၊ ဆိုတော့.”
“အင်..၊ ဆိုတော့ ဘာဖြစ်တော်မူလဲ ဘု ရား..”

ဆရာတော်က အဝေးကို ငေးသည်။ ထို နောက် မိန့်မိန့်ကြီး ပြုံးသည်။
ဘုရား ဘုရား…။ ထိုအပြုံးက ရှင်ဂွမ်းဂွိ တစ်ပတ် လုံးလုံး လေ့ကျင့်ခဲ့ ရသော အပြုံး..၊ အခု ဘကြီးဆရာတော် မျက်နှာပေါ် ရောက်နေချေပြီ..။
ဆရာတော် တစ်လုံးချင်း မိန့်တော် မူလေပြီ။
“ငါ ကိုယ်တော် လူထွက်တော်မူပြီး အုပ်ချုပ်ရေးမှူး အရွေးခံဖို့ ဆုံးဖြတ်တော် မူ လိုက်ပြီ..၊ ဟွင်းဟွင်းဟွင်း..”