ကုဋေကြွယ်မျှော်လင့်ချက် ဝယ်သူများ

0
429

ငွေခြောက်ရာကျပ်ရှိရုံဖြင့် ကျပ် သိန်းပေါင်းတစ်သောင်းတန်အိပ်မက် ဝယ်မက်နိုင်ပါပြီ။ အောင်ဘာလေထီ လက်မှတ်ဝယ်ခြင်းသည် သိန်းပေါင်းများ စွာသော ကုဋေကြွယ်ရေးမျှော်လင့်ချက် ဝယ်ယူကြခြင်း ဖြစ်ပေသည်။
တကယ်က ရန်ကုန်တွင် ငါးရာ ကျပ်သာကျသည်။

သိန်းတစ်သောင်းတန် မျှော်လင့် ချက် ထီလက်မှတ်ဝယ်သူမေးကြည့်ပါ က ထီလက်မှတ်လေးကို ကိုင်ပွတ်ပြီး’သိန်းတစ်သောင်းသာပေါက်ရင်’ ဆိုကာ ငွေများကို စိတ်ကူးဖြင့် အမျိုးမျိုးအဖုံဖုံ စီမံခန့်ခွဲနေတတ်ကြောင်း အတော်များ များက ဝန်ခံပါလိမ့်မည်။
အချို့က မြန်မာတို့ထုံးစံအတိုင်း ထမင်းရည်ချောင်းစီး မောင်းတီးပြီးလှူ မည်။ အချို့က မိသားစုဘ၀ကို မည်သို့မည်ပုံ မွန်းမံပြင်ဆင်မည်၊ ဘယ်လုပ်ငန်းကို ဘယ်လိုထူထောင်မည်၊ မည်သည့် မိ သားစုဝင်ကို မည်မျှခွဲပေးကာ လိုသည် ကို ဝယ်ခြမ်းအခြားလုပ်ငန်းလည်း လုပ် စေမည်၊ ရှေ့ရေးအတွက် ဘဏ်တွင် မည်မျှအပ်မည်၊ ရပ်ကျိုးရွာကျိုး မည်မျှ လှူဒါန်းလိုက်မည် စသဖြင့် စိတ်ကူး ဖဲရိုက်နေရသည်မှာ တဒင်္ဂအတွက် ပျှော် ရွှင်ဖွယ်။

ကော့သောင်းမှ ပညာရေးဝန်ထမ်း တစ်ဦးဖြစ်သူ ဒေါ်ဆုဝေပန်ကတော့ လ တိုင်း အောင်ဘာလေထီ ၃ စောင်တွဲ ထိုးဖြစ်ပြီး ထီပေါက်လျှင် အိမ်ဝယ်မည် ဆို၏။
“အိမ်ဝယ်ဖို့လေ၊ အိမ်ထောင်ပြု ထားတာမကြာသေးဘူး၊ ခုကငှါးနေတော့ ကိုယ်ပိုင်အိမ်နဲ့နေချင်တယ်” ဝန်ထမ်း တစ်ဦးဖြစ်သူ ဒေါ်ဆုဝေပန်က ဖွင့်ဟ သည်။
လတိုင်း မထိုးဖြစ်ဘဲ လမ်းကြုံမှ ထီငါးစောင်တွဲထိုးတတ်သည်ဆိုသော မြိတ်မြို့ မြို့သစ်ရပ်နေ အသက် ၅၀ ကျော်ရှိ ဒေါ်လှစိန်က ဆုကြီးများကို သိပ်မမှန်းရဲသေးဘဲ ငါးသောင်းဆုဝင် လည်း ပျော်မှာပင်ဟု ရယ်ရယ်မောမော ပြောသည်။

‘လူတိုင်းတော့ ထီပေါက်ချင်ကြတာ အန်တီလည်း ထီပေါက်ချင်တာပေါ့’ဟု ဒေါ်လှစိန်က ရယ်မောရင်းပြောပြသည်။
ထီလက်မှတ်က အရေးကြီးပြီး ပျောက်မရသဖြင့် ဒေါ်စိန်လှက အိမ်က ဘုရားစဉ်အောက်တွင် သိမ်းထားတတ် သည်ဆို၏။
ကော့သောင်း Sun Far လေယာဉ် လက်မှတ်အရောင်းဝန်ထမ်း မသူဇာ ကတော့ လတိုင်း အောင်ဘာလေထီထိုး ဖြစ်ပြီး မပေါက်သည့် ထီလက်မှတ်များ ကိုလည်း တော်ရုံလွှင့်ပစ်လေ့မရှိ။ သိမ်း ထားမိသည်။ သိန်းတစ်သောင်း မဟုတ် လျှင်တောင်မှ အနည်းဆုံး သိန်း ၅၀ ဆု ပေါက်ချင်ကြောင်း ပြောသည်။

‘ထီပေါက်ရင် မိဘမဲ့ပရဟိတကျောင်း မှာလိုအပ်တာ အကုန်လှူပစ်မယ်။ ထီ ပေါက်ရင် အလှူအတန်းအကြီးအကျယ် လုပ်မယ်၊ မိဘမောင်နှမသားချင်းတွေကိုထောက်ပံ့မယ်၊ ခရီးထွက်မယ်’မသူ ဇာက သူမ၏သိန်းတစ်သောင်းတန်အိမ် မက်ကို ဖွင့်ပြောသည်။
အချို့က ကုဋေကြွယ်မျှော်လင့်ချက် အိပ်မက် ဝယ်မက်ကြရဝယ် မိမိ အသေး သုံးငွေများထဲက ၅၀၀ တန် (၆၀၀ ကျပ် ဝန်းကျင်ဖြင့်) တစ်စောင်၊ ၃ စောင်၊ ၅ စောင် စသဖြင့် အနည်းအကျဉ်းဖဲ့ဝယ်ကြ သော်လည်း အချို့က ယင်းထက်ပိုသည်။

ပုလော ဇရပ်ဆိပ်မှ မလှရင်ကတော့ ရွာထီကိုယ်စားလှယ်တွင် တစ်လမှာ ၁၀ စောင်တွဲ ၅,၅၀၀ ကျပ်ဖိုး ထိုးဖြစ်သည်။ တခါတရံသူငယ်ချင်းအများစုကာ စောင် ရေ ၅၀ ပါ နှစ်အုပ်ခန့် ထိုးဖြစ်တတ် ကြောင်း ပြောသည်။
‘အနည်းဆုံးသိန်း တစ်ရာအထက် ပေါက်ခဲ့ရင် အဦးဆုံး ကိုယ့်မွေးရပ်ဇာတိ မှာ ပညာရေးကဏ္ဍမှာ လှူမှာ၊ ထီမ ပေါက်လို့ ပြောတာမဟုတ်ဘူး၊ စိတ်ကူး ယဉ်တာကတော့ ပထမဆုပဲ ပေါက်ချင် တယ်’ဟု မလှရင်က ပြောသည်။

အောင်ဘာလေလက်မှတ်ကိုင် စိတ် ကူးယဉ်နေစဉ်အတွင်းကား တစ်ကယ့် ကုဋေကြွယ်သူဌေးကြီး။ မေးမိသူ အား လုံးနီးပါးက ငါးသောင်းဆုပင် မပေါက် ဖူးသူချည်း။
အခြားသူများ ထီပေါက်သကဲ့သို့ ကိုယ်လည်း ထီပေါက်ချင်သပဆိုသော ထားဝယ်မြို့၊ ပန္နဲတောရပ်ကွက်သူ မဇာဇာသန်းက တချိန်ချိန်ပေါက်လိမ့် မည် ယုံကြည်ချက်ဖြင့် ယခုလလည်း ထီထိုးထားပါသတဲ့။

‘ကိုယ့်မှာလဲ ဒီပိုက်ဆံတွေ ဒီ လောက် အများကြီးမရှိတော့ ထီကိုယုံမိ တာပေါ့၊ ထီထွက်ခါနီးဆို ကိုယ်ထိုးထား တဲ့ ထီဂဏန်း အရမ်းတိုက်ချင်နေတယ် စိတ်ထဲမှာလဲ ပေါက်ပါစေဆိုပြီး ဆု တောင်းပြီးထီတိုက်တာ’ဟု မဇာဇာသန်း က သူ့မျှော်လင့်ချက် ရင်ခုန်သံကို မျှဝေ သည်။
အောင်ဘာလေ တစ်ခါမျှ မပေါက် ဖူးသေးသူနောက်တစ်ဦးဖြစ်သည့် လောင်း လုံးမြို့နယ် စစ်ပြဲရွာမှ ကိုအောင်ကိုကိုက ထီဆုကြီးပေါက်ခဲ့လျှင် မြန်မာနိုင်ငံငြိမ်း ချမ်းရေးလုပ်ငန်းအတွက်၊ ပရဟိတအဖွဲ့ တစ်ခုခုအတွက် အလှူငွေထည့်ဝင်မည် ဆိုသည်။

သူ ထီထိုးထားကြောင်း မိသားစုကို ကြိုပြီးပြောပြမထားဘဲ ပေါက်မှပြော မည်ဟု ကိုအောင်ကိုကိုက ဆုံးဖြတ်ထား သည်ဆို၏။
‘မိသားစုကို အံ့ဩအောင်လုပ်မယ် ဆိုပြီး မပြောပြထားဘူး။ ထီပေါက်တာ သိပြီး ရုတ်တရက် ပျော်သွားတာမျိုး တစ်နေ့တော့ မြင်ခွင့်ရမယ်လို့တော့ မျှော်လင့်နေပါတယ်’ဟု ကိုအောင်ကိုကို က ပြောသည်။

ထီလက်မှတ်လက်ထဲကိုင်ကာ ထီ မထွက်ခင်စပ်ကြား ကုဋေကြွယ်အိမ် မက်များကြား ပျော်မွေ့နေတတ်သူများက ထီထွက်ပြီးနောက် မိမိထီမပေါက်ကြောင်း သိလိုက်ချိန် မည်သို့ရှိကြသနည်း။
အချို့ကတော့ မည်သို့မျှ မခံစားရ၊ ပျော်ပျော်ပါးပါး အလုပ်အစားမပျက်။ မျှော်လင့်ချက်ကြီးကြီးဖြင့် စိတ်ကူးကို အကျအန ကောင်အထည်ဖော်ထားသူတစ်ချို့ကတော့ အနည်းနှင့်အများ ခံစားရထိရှတတ်ကြ။

‘ထီပေါက်စဉ် တိုက်ချိန်ဆို ရင်ခုန် တာပေါ့၊ ပြီးတော့ မပါခဲ့ရင် အားပြတ် သွားရော’ဟု ထီပေါက်လျှင် အိမ်ဝယ် မည်ဆိုသော ဒေါ်ဆုဝေပန်က ပြောလေ သည်။
သို့သော် အောင်ဘာလေချစ်သူ များက ကုဋေကြွယ်မျှော်လင့်ချက်ကို စွန့်လိုက်တော့မည် မည်သူမျှ မပြော။
ဒီလ မပေါက်က နောက်လ။

‘ဒီတစ်လမပေါက်လည်း နောက်လ တော့ ပေါက်ဖို့အခွင့်ရေးရှိတာပဲ ဆိုတဲ့ စိတ်နဲ့ နောက်လအတွက်ထီ ထပ်ထိုးဖြစ် နေပါတယ်’ဟု ကော့သောင်းသူ မသူဇာ က ပြောလေသည်။