အသင့်စား မနက်ခင်းများ

0
391

Ready Made ခေါ် အသင့်စား၊ အသင့်သုံး လူသုံးကုန်များ လူ့ဝန်းကျင် ထဲ တစိမ့်စိမ့် ဝင်ရောက်နေရာယူလာပြီ ဆိုတာကို မငြင်းနိုင်။ အနည်းနှင့် အများ သာကွာမည်..။ လူ့ဝန်းကျင်ထဲ ရယ်ဒီ မိတ်များ ရောက်ကို ရောက်နေပါပြီ။
သတိထားကြည့်ပါ။ နံနက်အိပ် ယာထ စတင်ရသည့် မနက်ခင်းတစ်ခု တည်းတွင်ပင် ရယ်ဒီမိတ်မည်မျှ စိမ့်ဝင် နေပြီနည်း။
အသက် ၆၁ နှစ် အရွယ် ပိန္နဲတော ရပ်၊ ရေသယ်ယာဉ်လုပ်ငန်းရှင် ဦးသန်း အောင်က ရယ်ဒီမိတ်နံနက်စာကို လက်ရှိ တွင် ရာနှုန်းပြည့်စားဖြစ်နေကြောင်း ပြောသည်။

“မနက်မိုးလင်း အိပ်ရာထတာနဲ့ အလုပ်သွားရတယ်ဆိုတော့ ရယ်ဒီမိတ် အစားအစာတွေ စားလာရတာပေါ့”ဟု ဦးသန်းအောင်က ဆိုသည်။
ဦးသန်းအောင်တို့၏ အသင့်စား နံနက်စာကို စားဖြစ်နေကြသူများ၏ အဓိက အစားအစာများမှာ ကော်ဖီမစ် ခေါ် အသင့်ဖျော်ကော်ဖီထုပ်များ၊ လက် ဖက်ရည်ထုပ်များ၊ မာမား ကဲ့သို့သော အသင့်စား ခေါက်ဆွဲ၊ ကြာဆံထုပ်များ။

ယင်းသို့ အချိန်၏စိန်ခေါ်မှုကြောင့်၊ မိသားစု အခြေအနေအရပ်ရပ်ကြောင့်၊ လက်တစ်ကမ်းတွင် အလွယ်တကူရနိုင်မှု တို့ကြောင့် ရယ်ဒီမိတ်က တစစနေရာပိုပို ယူ။ ခေတ်ရေစီးကြောင်းအရ အချိန်ကုန် လူပန်းရမည့်အစား အသင့်သုံးများကို မလွဲမသွေ ရွေးချယ်လာကြရ။
“ယောက္ခမအိမ်မှာတော့ ကြာဇံ မာမားပြုတ်ကို နံနက်စာအဖြစ်နဲ့ နေ့ တိုင်း စားနေကြတယ်”ဟု မြိတ်ဇေယျာ ၂ ရပ်ကွက်မှ ဦးစိုးနိုင်က ရယ်မောကာ ပြောသည်။

ယခင်က လက်ဖက်ရည်ဆိုင်မှ (ဆိုင်ဖျော်) လက်ဖက်ရည်ဝယ်ကာ အိမ်တွင် စုသောက် ကြသည့်အလေ့
အထလည်း တစစ ပျောက်ကွယ်လာလေ ပြီ။ မြို့ပြ လက်ဖက်ရည်ဆိုင်များရှေ့တွင် ဂျိုင့်ကိုယ်စီဆွဲကာ တန်းစီစောင့်နေ သည့် မြင်ကွင်းမျိုး မတွေ့ရတော့။
“ပါဆယ်ဆွဲတာ တစ်အား နည်း လာတယ်၊ နံနက်ဆို နီးတဲ့ ကုန်စုံဆိုင်မှာ ကော်ဖီမစ်ထုတ် ဝယ်ပြီး ဖျော်သောက် လာကြတယ်လေ”ဟု ဆိုင်ဖွင့်သက် နှစ် ၂၀ ကျော်ပြီဖြစ်သော ထားဝယ်မှ လက် ဖက်ရည်ဆိုင်ရှင်တစ်ဦးက ပြောသည်။

အချို့က လက်ဖက်ရည်ဆိုင်တွင် ပင် အသင့်ဖျော် ကော်ဖီထုပ်များမှာ သောက်လာကြသည်။
“ဆိုင်ဖျော်လက်ဖက်ရည်က သက် ကြီးပိုင်းတွေပဲ သောက်များတယ်”ဟု မြိတ်တောင်ရပ်ကွက်ရှိ လက်ဖက်ရည် ဆိုင်ရှင်တစ်ဦးက ပြောသည်။
အသင့်စား မာမားကြာဇံ ခေါက်ဆွဲ ထုတ်များကိုလည်း စားသုံးသူများရှိနေ သဖြင့်ဆိုင်တွင် ကြိုတင် ဝယ်ယူထားရ ကြောင်း ယင်းလက်ဖက်ရည်ဆိုင်ရှင်က ဆိုသည်။

လူတို့၏ နံနက်ခင်းတွင် ရယ်ဒီ မိတ်က အစားအသောက်များတွင်သာ စိမ့်ဝင်နေရာယူလာသလော..။ မဟုတ် ပါ။ အခြား လူသုံးကုန် ရယ်ဒီမိတ်များ ကလည်း တရစ်ရစ် တိုးဝင်လာကြ။
ကော်ဖီကို အိမ်တွင် ရယ်ဒီမိတ် အထုပ် ဖျော်သောက်ဖြစ်သည်ဆိုသော မြိတ်၊ ကျွဲကူးရွာသူ မခိုင်က သနပ်ခါး ကိုလည်း “ရွှေပြည်နန်း” စသော အသင့်သုံး သနပ်ခါးဗူးသာ ဝယ်လိမ်း ဖြစ်ကြောင်း ပြောလာသည်။
နံနက်ခင်း ခြေအစ ခေါင်းအဆုံး အလှပြင် အသုံးအဆောင်ဆိုက အပျို အအို ကျားမတိုင်းနီးပါး ရယ်ဒီမိတ်က မလွတ်ကင်း။ ရယ်ဒီမိတ်များက ပြည် တွင်းဖြစ်သာမက နိုင်ငံစုံက..။

“မိတ်ကပ်က အပြင်သွားတိုင်း လိမ်းတယ်၊ POND’S, LOREAL, BELLA တို့ သုံးဖြစ်တယ်”ဟု မခိုင်က ဆိုသည်။
ရယ်ဒီမိတ်သည် ကောင်းကျိုးဆိုး ကျိုး ဒွန်တွဲနေသည်ကို လူတိုင်းနီးပါး သိကြသည်။ တာရှည်အထားခံရန် ထုပ် ပိုးမှုတွင်ဖြစ်စေ၊ ကုန်ပစ္စည်းတွင် ဆွဲ ဆောင်မှု ပိုရှိရန် ဖြစ်စေ ဓာတ်သတ္တုများ၊ ဓာတုဆေးဝါးများ အနည်းနှင့်အများ ပါဝင်နေတတ်ကြောင်း ကျွမ်းကျင်ပညာ ရှင်များကလည်း အစဉ်တစိုက်ရေးသား နေကြဆဲ။
နံနက်ခင်း လူမှုစရိုက်များလည်း ပြောင်းလဲပြီးရင်း ပြောင်းလဲလာကြသည် က မြင်သာသည့် လက်ငင်းကျေးဇူး။

မိသားစုဝင်များက အလုပ်ကိုယ်စီ ရှိသဖြင့် နံနက်တိုင်းအလုပ်သွားမှ အပြင်တွင် ကြုံသလို စားဖြစ်နေသည်ဆို သည့် ကော့သောင်း Sun Far လေယာဉ် လက်မှတ်အရောင်းဝန်ထမ်း တစ်ဦးဖြစ် သူ မသူဇာက သူ့မိခင်လက်ရာ နံနက်စာ ကို လွမ်းနေမိကြောင်း ဆိုလာပြီ။
“ငယ်ငယ်တုန်းကတော့ အမေက အိမ်မှာခေါက်ဆွဲကြော်မျိုး ထမင်းကြော် မျိုး၊ မုန့်ဟင်းခါးမျိုး မကြာမကြာ လုပ် ကျွေးတယ်၊ မောင်နှမတွေ စုပြီးစားကြ တော့ ပျော်စရာလည်းကောင်းတယ်”ဟု မသူဇာက ပြောသည်။
မည်သို့ဆိုစေ ရှောင်လွှဲမရတော့ သော ရယ်ဒီမိတ် နံနက်ခင်းများကြား တနင်္သာရီတိုင်းသားများလည်း ရေလိုက် ငါးလိုက်။