နိုင်ငံရေးမျိုးဆက်များ ပါဝင်သည့် ပါတီ တနင်္သာရီတိုင်းနှင့် ဆက်သွယ်မှု မရှိသေး

0
392

နိုင်ငံအဝန်းမှ ၈၈ မျိုးဆက်များ အပါအဝင် နိုင်ငံရေးမျိုးဆက်များ ပါဝင်သည့် နိုင်ငံရေးပါတီတစ်ခု တည် ထောင်ရန် ပြင်ဆင်နေသော နိုင်ငံရေး ပါတီဖြစ်မြောက်ရေး ကော်မတီက တနင်္သာရီတိုင်းအတွင်း ပါတီကိစ္စ ဆက်သွယ်လုပ်ဆောင်နေသူ မရှိသေး ကြောင်း ကော်မတီ ပြန်ကြားရေးအဖွဲ့ ထံမှ သိရသည်။

အကယ်၍ တနင်္သာရီတိုင်းမှ ပါတီကိစ္စ ဆက်သွယ်လိုပါက ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ရှိ နိုင်ငံရေး ပါတီဖြစ်မြောက်ရေး ကော်မတီရုံးခန်းသို့ တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း ကော်မတီပြန်ကြားရေး တွဲဖက်တာဝန်ခံ ဦးဌေးအောင်က ပြောသည်။
“၈၈ မျိုးဆက် ကိုမားကီးနဲ့လည်း ဆက်သွယ်နိုင်ပါတယ်”ဟု ဦးဌေးအောင် က ဆိုသည်။

ဖွဲ့စည်းတည်ထောင်မည့် ယင်းပါတီတွင် ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ နိုင်ငံရေး မျိုးဆက်များ၊ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ပါတီ မှတ်ပုံတင်ရေးကိစ္စကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် လုပ်ဆောင် မည်ဟု ၈၈ မျိုးဆက် ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောဆို ထားသည်။

“နိုင်ငံရေးမျိုးဆက်မှ မဟုတ် ပါဘူး၊ အသက် ၁၈ နှစ် ပြည့်ပြီးတဲ့ လူငယ်တိုင်း ပါဝင်လို့ ရပါတယ်၊ လူငယ်အားက အဓိက ကျပါတယ်”ဟု ဦးကိုကိုကြီးက တနင်္သာရီ အပတ်စဉ်သို့ ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်အချို့က ယင်းပါတီသို့ ဝင် ရောက်မည်မဟုတ်ဘဲ ပွင့်လင်း လူ့အဖွဲ့အစည်းအဖြစ် ရပ်တည်မည်ဟု ဆိုထားပြီး အချို့က ပါတီ၏ ရည်ရွယ် ချက်နှင့် မူဝါဒများကို စောင့်ကြည့်ကာ ဝင်သင့် မသင့် ဆုံးဖြတ်မည်ဟု ပြောဆိုထားသည်။