မူဝါဒအလွဲ၏ နောက်ဆက်တွဲ ပြသနာ

0
520

မူဝါဒဟူသည် အင်္ဂလိပ်ဘာသာ စကား policy ကို မြန်မာမှုပြုထားခြင်း ဖြစ်သည်။မူဝါဒဆိုသည်မှာ အဘယ်နည်း။ မြန်မာအဘိဓာန်တွင် မူဝါဒ၏အဓိပ္ပာယ် ကို လိုက်နာရမည့် အခြေခံချမှတ်ချက်ဟု ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်းတွင် သော်လည်း ကောင်း၊ နိုင်ငံရေးပါတီတွင် သော်လည်း ကောင်း၊ နိုင်ငံတော်အစိုးရတွင် သော် လည်းကောင်း ကိုယ်ပိုင် ပြဋ္ဌာန်းထား သည့် မူဝါဒအသီးသီး ရှိကြပေသည်။ ချမှတ်ထားသည့် မူဝါဒများ ကောင်းမွန် လျှင် ကောင်းမွန်သကဲ့သို့ အောင်မြင်မှု ရရှိနိုင်သည်။ သို့သော် မူဝါဒအလွဲများကို ချမှတ်မိပါက အောင်မြင်မှုထက် ဆုံးရှုံး နစ်နာမှုက ပိုများနိုင်ပေသည်။ထို့ကြောင့် မူဝါဒချမှတ်ပေးရမည့် တာဝန်ရှိသူများအနေဖြင့် မူဝါဒတစ်ခုခုကို အလျင်စလို မချမှတ်သင့်ပေ။အချို့သော မူဝါဒများကို ချက်ချင်း ချမှတ်နိုင်သော်လည်း အများနှင့်သက်ဆိုင် သည့် တစ်နည်းအားဖြင့် တစ်မျိုးသား လုံးနှင့် သက်ဆိုင်သည့် မူဝါဒများကို ချမှတ် မည်ဆိုလျှင်မူ အတိုင်းအတာ တစ်ခုအထိ အချိန်ပေးကာ သုတေသန လုပ်ပြီးမှသာ လျှင် အကျိုးအပြစ် အနည်းအများပေါ် မူတည်၍ ချမှတ် သင့် မသင့် ဆိုသည်ကို ချင့်ချိန်ရပေမည်။

ထိုကဲ့သို့ မဟုတ်ပါဘဲ မူဝါဒချမှတ် ကျင့်သုံးပြီး၍ ငာစခေအ များပေါ်လာမှ ပြန်လည် ရုပ်သိမ်းမည်ဆိုလျှင် အချိန် ကုန် ငွေကုန်ဖြစ်ရုံမျှမက လူလည်းပမ်း စိတ် လည်းနွမ်းရပေမည်။ကျွန်တော်တို့နိုင်ငံအနေဖြင့် သုတေ သန မဖက်သည့် အမိန့်ဆန်သော မူဝါဒ အလွဲများနှင့်သာ စခန်းသွားခဲ့ရသည်မှာ ရာစုနှစ် တစ်ဝက်နီးပါးမျှ ရှိခဲ့ပေပြီ။ပညာရေး၊ ကျန်းမာရေးနှင့် စီးပွား ရေးစသည့် ကဏ္ဍအသီးသီးတွင် ချမှတ်ခဲ့ သော မူဝါဒအချို့သည် ချို့ယွင်းချက် အားနည်းချက်များရှိခဲ့၍ ကမ္ဘာ့အဆင်း ရဲဆုံး နိုင်ငံများစာရင်းထဲ ပါသွားခဲ့ရ သည်က သက်သေပင်။ စစ်အုပ်ချုပ်ရေး စနစ်အောက်တွင် အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးခဲ့သဖြင့် မြန်မာ့ပညာရေးမှာ အဆင့်များစွာ နိမ့်ကျ ခဲ့ရ လေသည်။

မအောင်မနေရစနစ်သည် ရည်ရွယ် ချက်ကောင်းသော်လည်း မအောင်မြင်ခဲ့။ ကျောင်းသားများအနေဖြင့် စာမကြိုးစား လည်း အချိန်တန်လျှင် အောင်မည်ကို သိနေ၍ စာမကြိုးစားချင်တော့ပေ။ ဆရာ၊ ဆရာမအနေဖြင့်လည်း ကျောင်း သားများကို ကိုင်တွယ်ရခက်သွားခဲ့ သည်။ ထိုကျောင်းသားများ ကိုယ်တိုင် ပျက်စီးခဲ့ရသလို မြန်မာ့ပညာရေးပါ အဆစ်ပါသွားရသည်။ ” ဘွဲ့ရ စာမတတ် များ” ဟု သမုတ်ခြင်းခံရသည့် အဆင့်ထိ ဖြစ်သွားခဲ့ရပေသည်။
အရေအတွက်ကို ဦးစားပေး သဖြင့် အောင်ချက်မြင့်မားရေးကိုသာ အဓိက ထားခဲ့ကြလေသည်။

အရည်အချင်း ရှိမရှိဆိုသည်ကို အလေးမထား ဥပေက္ခာပြုထား ကြလေ သည်။ အောင်ချက်ကောင်းလျှင် ဆုရ မည်။ အောင်ချက်ကျလျှင် ထုချေလွှာ တင်ကြရမည်။ ထို့ကြောင့် ကျောင်း အလိုက်၊ မြို့နယ်အလိုက်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် အောင်ချက် မြင့်မားရေးအတွက် စီမံချက်များ ရေးဆွဲ ပြီး အပြိုင်အဆိုင် ကြိုးစားကြရသည်။အောင်ချက်မြင့်မားရေးအတွက် နည်းမှန်လမ်းမှန်ဖြင့် ကြိုးစားခြင်းမှာ ကောင်းမွန်သော်လည်း လွဲမှားသည့် နည်းလမ်းများကို အသုံးပြုပြီး အောင် ချက်ကောင်းရန် ကြိုးစားခြင်းကိုမူ ရှုတ်ချရပေမည်။ တချို့သော ကျောင်း များတွင် ကျောင်းအုပ်ကြီးနှင့်တကွ ဆရာ၊ ဆရာမများသည် စာမေးပွဲ ကျနိုင် သည်ဟုထင်ရသော ကျောင်းသားများကို စာမေးပွဲမဖြေဘဲ ရပ်နားထားခိုင်းရန် မိဘများကို ခေါ်ယူညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်လာကြသည်။

ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်း အတွက်ကောင်းအောင် လုပ်သည်ဟု ဆိုကာ မိမိတို့၏အတ္တကို ဖုံးကွယ်ဖို့ ကြိုးစားခြင်းသာ ဖြစ်ပေသည်။ ကျောင်း သူ၊ ကျောင်းသားများနှင့် မိဘများ၏ စိတ်ခံစားချက်များကို ထည့်တွက်ဖို့ ကောင်းပေသည်။ စာကြိုးစားသည်ဖြစ်စေ၊ မကြိုးစားသည်ဖြစ်စေ ကျောင်းသား တိုင်းသည် စာမေးပွဲဖြေချင်ကြသည် ချည်းသာ။ မိဘတိုင်း အနေဖြင့်လည်း မိမိတို့၏ သားသမီးများကို စာမေးပွဲ အောင်စေချင်ကြသည်မှာ အမှန်ပင်ဖြစ် သည်။ ကျောင်းသား၊ ကျောင်းသူ တစ်ယောက်အနေဖြင့် ၁၀လခန့်အချိန် ပေး ကြိုးစားသင်ယူလာခဲ့ပြီးမှ စာမေးပွဲ ဖြေဆိုခွင့်မရခဲ့လျှင် သူ့အတွက် စိတ် ဒဏ်ရာရသွားနိုင်သည်။ စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသည့် ကျောင်း သားတိုင်း စာမေးပွဲဖြေဆိုနိုင်သည့် အခွင့်အရေး အပြည့်ရှိပါသည်။ ဆရာ၊ ဆရာမများအနေဖြင့် မည်သည့်အကြောင်း ပြချက်ကြောင့်မျှ ကျောင်းသားတစ်ဦး၏ စာမေးပွဲဖြေ ဆိုခွင့်ကို မပိတ်ပင်သင့်။ မိမိ၏ပယောဂကြောင့် တစ်ပါးသူ တစ် ယောက်၏ မူလအခွင့်အရေးကို မထိ ခိုက်စေသင့်ပါ။ မိမိတို့၏ကိုယ်ကျိုး အတွက်ကြောင့် ကျောင်းသူ၊ ကျောင်း သားများ၏ အခွင့်အရေးကို မစတေး လိုက်မိပါစေနှင့်။

လက်ရှိ အာဏာရပါတီ NLD အနေဖြင့် ရွေးကောက်ပွဲ ကတိအတိုင်း ပြောင်းလဲမှုများကို ဖော်ဆောင်ရန် ကြိုးပမ်းနေသည်ကို တွေ့ရသည်။ သို့သော်လည်း ပြည်သူများ မျှော်မှန်း ထားသလောက်မှာမူ ဖြစ်မလာသေးပေ။ အချိန်အတိုင်းအတာ တစ်ခုအထိတော့ စောင့်ရဦးမည် ထင်ပါသည်။ ယခင်အစိုး ရအဆက်ဆက် ချမှတ်ထားခဲ့သော မူဝါဒ အလွဲများကို ပြင်ဆင်ရန် ကြိုးပမ်း နေရချိန်တွင် နောက်ထပ်ချမှတ်သည့် မူဝါဒအသစ်များမှာ အမှားကင်းရန် လိုပေမည်။
သို့သော်လည်း လက်ရှိအစိုးရသစ် လက်ထက်တွင်လည်း မူဝါဒအသစ်များ ချမှတ်ရာတွင် တချို့သော နေရာများတွင် အားနည်းချက်များ ရှိနေသည်ကို တွေ့ရ သည်။
အထူးသဖြင့် ပညာရေးဝန်ကြီး၏ ကြိုးစားအားထုတ်မှုနည်းသော၊ အရည် အချင်းမပြည့်ဝသော ဆရာ၊ ဆရာမများ ကို နယ်ဝေးပို့မည့်မူဝါဒအပေါ် ဝေဖန်သံ များပွက်လော ညံသွားခဲ့သည်။ ဆရာ၊ ဆရာမများ၏အရည်အချင်းကို တိုင်းတာ မည့် ပေတံမှာ ဆယ်တန်းစာမေးပွဲအောင် ချက် ဖြစ်သည်။ နဂိုကတည်းက အောင် ချက်မြင့်မားရေးကြောင့် ကျောင်းသားများ အပေါ် ဖိအားများနေချိန်တွင် ယခုကဲ့သို့ ဆရာ၊ ဆရာမများ နယ်ပြောင်းမည့် အရေးအတွက် အောင်ချက်ဖြင့်ထပ်မံဆုံး ဖြတ်မည်ဆိုလျှင် အခြေအနေမှာ ပို၍ပင် ဆိုးရွား သွားနိုင်သည်။

ယခုလတ်တလော အချိန်တွင်ပင် လျှင် တချို့သော ကျောင်းများတွင် အောင်ချက် မကျစေရန်အတွက် pre-test စာမေးပွဲများတွင် ရလဒ် မကောင်း သည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများကိုတွေ့ဆုံပြီး စာမေးပွဲဖြေဆိုခွင့် ရပ်နားခိုင်းရန် ဆွေးနွေးလျက်ရှိကြောင်း ကြားသိနေရသည်။
ဤသည်မှာ ပညာရေးဝန်ကြီး၏ မူဝါဒအသစ်ကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်တစ်ခုဖြစ်သည်မှာ မငြင်း နိုင်ပါ။ မူဝါဒကို တိတိကျကျ မချမှတ် ရသေးသော်လည်း၊ အမိန့်ကြေညာချက် များ မထွက်သေးသော်လည်း ကြိုတင် ကာကွယ်ထားသည့် သဘောဖြစ်နိုင် သည်။

ကျောင်းသား၊ ကျောင်းသူများ အတွက် စာမေးပွဲဖြေဆိုခွင့်ရရေးသည် ပထမဦးစားပေးဖြစ်ပြီး၊ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းဆိုသည်မှာ ဒုတိယအကြောင်း အချက် ဖြစ်သည်။ စာမေးပွဲတွင် ဖြေဆို ထားမှုအပေါ်တွင် ကြည့်ပြီး အောင်ရှုံးကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။ ထို့ကြောင့် သေချာရေရာမှု မရှိသေးသည့် အကျိုးရ လဒ်ကို မှန်းဆပြီး ပထမအခွင့်အရေးကို ပိတ်ပင်ခြင်းမှာ လက်တွေ့မကျပေ။ ကြိုး စားဖြေဆိုခွင့် ပေးသင့်သည်။

သို့မှသာလျှင် စာမေးပွဲ မအောင် စေကာမူ စာမေးပွဲ အတွေ့အကြုံ ကောင်း တော့ ရနိုင်ပေသေးသည်။ ဤ သည်မှာ လက်တွေ့ကျကျ စဉ်းစားကြည့်ခြင်းသာ ဖြစ်သည်။ မူဝါဒတစ်ခု၏ အားနည်း ချက်ကြောင့် ကျောင်းသား၊ ကျောင်းသူ များ၏ စာမေးပွဲဖြေဆို ခွင့်အပေါ် ဂယက် မရိုက်စေချင်။
အကယ်၍ ပညာရေးဝန်ကြီး၏ မူဝါဒကို ကျင့်သုံးဖြစ်မည်ဆိုလျှင်လည်း အထက်ပါ ပြဿနာမျိုးမဖြစ်အောင် မည်ကဲ့သို့ လုပ်ဆောင်သွားမလဲဆိုသည် ကို ကြိုတင်စဉ်းစားထားဖို့ လိုပေမည်။နိုင်ငံတစ်ဝန်းလုံးရှိ ဆယ်တန်း ကျောင်းသား၊ ကျောင်းသူများအားလုံး စာမေးပွဲဖြေဆိုခွင့် ရကြပါစေ။
အသစ်ချမှတ်သည့် မူဝါဒတိုင်း လည်း ချို့ယွင်းချက်၊ အားနည်းချက် ကင်းကြပါစေ။