ကျေးလက် ကျန်းမာရေး ဌာနများတွင် လစ်လပ်နေသည့် ဝန်ထမ်းနေရာများအတွက် သင်တန်းဝင်ခွင့် လျှောက်လွှာများကို ယခုလ ၁၆ ရက် နောက်ဆုံးထား လက်ခံမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
တိုင်းအတွင်း လစ်လပ်နေသည့် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ ရာထူး ၁၂၃ နေရာအတွက် အသက် ၁၈ နှစ်နှင့် ၂၅ နှစ် အကြား အရွယ်ရှိ တက္ကသိုလ်ဝင်တန်းအောင်ပြီးသည့် အမျိုးသား၊ အမျိုးသမီးများ လျှောက်ထားနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။
” လျှောက်လွှာတွေကို မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနတွေမှာ အခမဲ့ယူနိုင်ပြီး ငွေကြေးနဲ့ရောင်းချရင် တိုင်နိုင်တယ်” ဟု ဒေါက်တာ ကျော်ဇေယျက ပြောသည်။
သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုအောင်မြင် ပါက သင်တန်း တက်ရောက်ရမည်ဖြစ်ကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ပြည်သူ့ကျန်းမာရေး ကြီးကြပ် ၂ ဝင်ရောက်လုပ်ကိုင်သူများမှာ တီဗီရောဂါ၊ ငှက်ဖျား၊ ခုခံအား ကျနှင့် သွေးလွန်တုပ်ကွေး အစရှိသည့် ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ အပါအဝင် ကျေးလက် ကျန်းမာရေးလုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ ကျော်ဇေယျက ရှင်းပြသည်။
တိုင်းအတွင်း ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲပေါင်း ၃၃၉ ခုရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
မြို့နယ်အလိုက် ကြီးကြပ်-၂ ရာထူးအတွက် လစ်လပ်နေရာများ
ထားဝယ် ၆
သရက်ချောင်း ၈
လောင်းလုံး ၁၃
ရေဖြူ ၁၃
မြိတ် ၂၂
ပုလော ၁၅
ကျွန်းစု ၁၉
တနင်္သာရီ ၅
ကော့သောင်း ၁၄
ဘုတ်ပြင်း ၈
စုစုပေါင်း ၁၂၃