တွဲလက်များမြဲစေသား

0
663

သစ်ပင်တစ်ပင်ကို စိုက်ပျိုးရန် လွယ်ကူသော်လည်း ဆက်လက်ရှင်သန် နိုင်အောင် ထိန်းသိမ်း စောင့်ရှောက်ရမည့် တာဝန်မှာ မလွယ်ကူလှ။ အလားတူပင် အိမ်ထောင်တစ်ခုကို ထူထောင်ရန် လွယ် ကူသော်လည်း ရေရှည်တည်မြဲအောင် ထိန်းသိမ်းကြရမည့်တာဝန်မှာ ထင် သလောက်လွယ်ကူသည့် ကိစ္စမျိုးတော့ ဟုတ်လိမ့်မည်မထင်။ သစ်ပင်ကို ပြုစုပျိုး ထောင်နည်း လွဲမှားလျှင် သေဆုံးသွား နိုင်သကဲ့သို့ အိမ်ထောင်ရေးကို ချဉ်းကပ်ပုံ ချဉ်းကပ်နည်းမမှန်လျှင်လည်း အချိန် မရွေး ပြိုကွဲသွားနိုင်သည်။

အိမ်ထောင် ရေးသည် ပုံသေနည်းမရှိသော ပုစ္ဆာတစ် ပုဒ်သာ ဖြစ်သည်။ ထို့ကြောင့် အိမ်ထောင် ရေးတွင် ကျရှူံးသူ၊ အောင်မှတ်ရသူနှင့် ဂုဏ်ထူးထွက်သူများ ရှိကောင်း ရှိနိုင် ပေသည်။ အောင်မှတ်ရအောင် ကြိုးစား မလား သို့တည်းမဟုတ် ဂုဏ်ထူးထွက် အောင် ကြိုးစားမလားဆိုသည်မှာ မိမိ အပေါ်တွင် မူတည်ပါမည်။ ကျရှူံး၍တော့ မဖြစ်။သီတင်းကျွတ်ပြီးသည်နှင့် မင်္ဂလာပွဲ များကို ခပ်စိပ်စိပ် ကျင်းပလာကြသည်။ လူငယ်သဘာဝ သဘောမျှ၍ ပေါင်းသင်း လက်ထပ်သူများ ပါဝင်သကဲ့သို့ လူကြီး မိဘများက နှစ်သက်သဘောကျ၍ ပေါင်း ဖက်ကြရသူများလည်း ပါဝင်ပေမည်။ အခြေအနေ အကြောင်းကြောင်းကြောင့် အဆောတလျင် လက်ထပ်လိုက်ရသူများ လည်း ရှိနိုင်ပေသည်။ အချို့က မင်္ဂလာ ပွဲကို ခမ်းခမ်းနားနား ကျင်းပကြပြီး၊ အချို့သော မင်္ဂလာမောင်နှံများမှာ ဘ၀ပေးအခြေအနေအရ သော်လည်း ကောင်း၊ အကျယ်မချဲ့လို၍ သော်လည်း ကောင်း မင်္ဂလာဦးဆွမ်းကပ် အကျဉ်းရုံး လက်ထပ်ကြသူများလည်း တွေ့ရသည်။ ခိုးရာလိုက်ပြီးမှ ရုံးတက်လက်မှတ်ထိုးပြီး လက်ထပ်ကြသူများလည်း ရှိပေသည်။

မင်္ဂလာဆောင်သူများထဲတွင် စနစ် တကျ ကြိုတင်စီစဉ်ပြီးမှ လက်ထပ်သူများ ရှိကြသလို၊ မည်သည့်အစီအစဉ်မျှ မရှိဘဲ ကရောကပါး လက်ထပ်လိုက်ရသူများ လည်း ရှိပေသည်။ မည်သည့်နည်းဖြင့် လက်ထပ်ရသည်ဆိုသည်မှာ အရေးမကြီး၊ အိမ်ထောင်တစ်ခု တည်ဆောက်ဖြစ်ဖို့သာ အရေးကြီးသည်ဟု ဆိုချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အိမ်ထောင် ပြုခြင်းသည် မင်္ဂလာတစ်ပါးပင် မဟုတ် ပါလော။

ကျွန်တော်တို့ ထင်မြင်ယူဆ ထား သည့် အချက်တစ်ချက်မှာ ငွေကြေး ပြည့်စုံလျှင် သာယာ ပျော်ရွှင်ပြီး ခိုင်မြဲ သည့် အိမ်ထောင်တစ်ခုကို တည်ဆောက် နိုင်လိမ့်မည်ဟု ယုံကြည်နေကြခြင်း ဖြစ်သည်။ ထိုယူဆချက်သည် မှန်သင့် သလောက် မှန်ကန်မှုရှိနိုင်သော်လည်း အကြွင်းမဲ့မှန်ကန်သည့် ယူဆချက် တစ်ရပ်ဖြစ်ကြောင်း သက်သေထူရန်မူ ခက်ခဲပေလိမ့်မည်။ အခြားတစ်ဖက် တွင် လည်း ငွေကြေးပြည့်စုံမှ အိမ်ထောင် ပြုရမည်ဆိုလျှင် အိမ်ထောင်ပြုနိုင်သူ အလွန်တရာ နည်းပါးပါလိမ့်မည်။ ငွေကြေးပြည့်စုံမှု ရှိသော်ငြား ချစ်ခြင်း မေတ္တာတရား နွမ်းပါးလွန်းလှသော အိမ်ထောင်ရေးသည် ကြာရှည်တည် မြဲနိုင်ဖို့ ရုန်းကန်ရပေလိမ့်မည်။ အချစ် များစွာဖြင့် တည်ဆောက်ထားသည့် အိမ် ထောင်ရေး ဖြစ်စေဦးတော့ အကြောင်း တရား တစ်ပါးပါးကြောင့် အချစ်များ လျော့ပါးလာချိန်တွင် အိမ်ထောင်ရေး တွဲလက် ချည့်နဲ့သွားနိုင်သည်။

ဟောလီးဝုဒ်လောကတွင် စံထား အားကျဖွယ်ကောင်းသည့် ဇနီးမောင်နှံ နှစ်ဦးရှိသည်။ သူတို့နှစ်ဦး၏ အိမ်ထောင် ရေးသည် သက်တမ်းရှည်ကြာ လက်တွဲ သွားနိုင်မည်ဟု အားလုံးက ထင်မှတ် ထားကြသည်။ သို့ပါသော်လည်း နောက် ဆုံး၌ သူတို့ လမ်းခွဲပြတ်စဲလိုက်ကြသဖြင့် အားလုံး အံ့အားသင့်ခဲ့ကြရသည်။ ထို ဇနီးမောင်နှံမှာ ဘရက်ပစ်နှင့် အင်ဂျလီ နာဂျိုလီတို့ ဖြစ်ကြသည်။ ထို့ကဲ့သို့သော အိမ်ထောင်ရေး အကွဲအပြဲ ဇာတ်လမ်းမှာ အနောက်တိုင်းတွင် အဆန်းတကြယ် မဟုတ်တော့ပေ။ သို့သော်လည်း ကျွန်တော်တို့ နိုင်ငံတွင်းရှိ နာမည်ကြီး ဆယ်လီဘရစ်တီများလည်း အိမ်ထောင် ရေးမခိုင်မြဲ ခွာပြဲလာကြသည်။ ထိုသို့ဖြစ် ကြခြင်းမှာ ငွေကြေးကြောင့်လား၊ အချစ် ကြောင့်လား၊ သို့တည်း မဟုတ် ကာယ ကံရှင်များသာ သိနိုင်သော အကြောင်း ခြင်းရာများကြောင့်လား ဆိုသည်မှာ စဉ်းစားစရာပင်။ ထို့ကြောင့် ငွေကြေး ပြည့်စုံရုံ၊ တစ်ဦးပေါ်တစ်ဦး ချစ်နေရုံမျှ ဖြင့် အိမ်ထောင်ရေးခိုင်မြဲရန် မလုံ လောက်၊ တစ်ဦးပေါ်တစ်ဦး သစ္စာရှိမှု၊ သည်းခံခွင့်လွှတ်နိုင်မှုနှင့် တစ်ဦးနှင့် တစ်ဦး နားလည်မှုရှိဖို့ရန်လည်း လိုအပ် နေပေလိမ့်မည်။ ငွေကြေးပြည့်စုံသည် ဖြစ်စေ မပြည့်စုံသည်ဖြစ်စေ အိမ် ထောင်းရေး ခိုင်မြဲရန်မှာ တစ်ဦးချင်းစီ၏ အရည်အချင်းနှင့် ကိုယ်ကျင့်သိက္ခာတို့ ပေါ်တွင်လည်း မှီတည်နေမည်။

အိမ်ထောင်တစ်ခုတွင် တစ်ဦးကို တစ်ဦး ဖေးမကူညီမှု လိုအပ်သလို ရိုး သားပွင့်လင်းရန်လည်း လိုအပ်ပေမည်။ တစ်ဦးကိုတစ်ဦး ဖေးမရမည့်အစား အပြစ်ရှာအပြစ်ဖို့ နေကြမည်ဆိုလျှင်တော့ သာယာပျော်ရွှင်သည့် အိမ်ထောင်ရေး ဖြစ်လာမည်မဟုတ်။ ကျွန်တော်တို့၏ အားနည်းချက်တစ်ရပ်မှာ သဘာဝချင်း မတူညီသည့် အရာနှစ်ခုကို ထပ်တူ မကျ ကျအောင် မရမက ဖန်တီးနေတတ်ကြ သည်။ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းကို မိမိ၏ဆန္ဒနှင့် တစ်ထပ်တည်းကျအောင် အတင်းပုံသွင်းဖို့ ကြိုးစားတတ်ကြသည်။ ထိုသူများထဲတွင် ကျွန်တော်သည်လည်း တစ်ဦးအပါ အဝင်ဖြစ်၏။ ဆင်ခြင်နိုင်ရန် ကြိုးစားရ ပေဦးမည်။ အမှန်မှာ မတူညီ သည့်အရာနှစ်ခုကို ပေါင်းစပ်နိုင်မည် ဆိုလျှင် အင်အားတစ်ခု ဖြစ်လာပေမည်။

ကျွန်တော်တို့၏ ခန္ဓာကိုယ်တွင် ညာ လက် နှစ်ဖက် ညာခြေနှစ်ဖက် ဖြစ်နေ၍ မရ။ ဘယ်တစ်ဖက်၊ ညာတစ်ဖက်ဖြစ်မှ သာလျှင် အသုံးတည့်နိုင်မည် ဖြစ်သလို အင်အားတစ်ရပ်လည်း ဖြစ်လာပေမည်။ သဘာဝတရားကသည်ပင်လျှင် မတူညီ သည့် ဆန့်ကျင်ဘက် အကြောင်းတရား များဖြင့် ကမ္ဘာကြီးကို ထိန်းကျောင်း ပေးထားသည် မဟုတ်ပါလော။ ထို့ ကြောင့် ကျွန်တော်တို့သည် သဘာဝ တရားကို လွန်ဆန်ပြီး မိမိဆန္ဒကိုရှေ့ တန်းတင်ကာ မတူညီသည့် အရာနှစ်ခု ဖြစ်သော (စိတ်နေသဘောထား)ကို ထပ် တူကျအောင် မလုပ်မိဖို့ သတိပြုကြရပေ မည်။ ကျွန်တော့အနေဖြင့် စိတ်တူ ကိုယ်တူဟူသော စကားရပ်အပေါ် အနည်းငယ် သံသယဖြစ်မိသည်။ ကျွန် တော်တို့ ဘယ်အတိုင်းအတာလောက်ထိ စိတ်တူကိုယ်တူ ဖြစ်နိုင်ကြမလဲ ဆို သည်ကိုမူ မှန်းဆရန်မလွယ်။

ကျွန်တော် အထက်တွင်ပြောခဲ့ သည့်အတိုင်း အိမ်ထောင်ရေးဆိုသည်မှာ ပုံသေနည်းအတိအကျမရှိ၊ တွက်နည်း အတိအကျမရှိသော ပုစ္ဆာတစ်ပုဒ် ဖြစ် သည်နှင့်အညီ ပြည့်စုံလုံလောက်သော အဖြေတစ်ခုကို ရှာတွေ့ရန်မှာ လွယ်ကူ မည်မဟုတ်ပေ။ ထို့ကြောင့် အဖြေမရှိ အဖြေမသိသော ပုစ္ဆာအတွက် ခန့်မှန်း အဖြေမှာ တစ်ဦးပေါ်တစ်ဦး သစ္စာရှိရန်၊ တစ်ဦးနှင့်တစ်ဦး ပွင့်လင်းမှု၊ ရိုးသားမှု ရှိရန်၊ သည်းခံမှု ရှိရန်၊ နားလည်ခွင့် လွှတ်နိုင်မှုရှိရန်၊ တစ်ဦးပေါ်တစ်ဦး ချွင်းချက်မရှိ မေတ္တာတရားထားကြရန် အရေးကြီးမည်ဟု ထင်ပါသည်။ တွဲလက် များ မြဲစေရန်အတွက် အထောက် အကူပေးနိုင်သည့် အရာတစ်ခုမှာ ကျွန်တော်တို့ကို လွတ်ထွက် မသွားနိုင် အောင် ချည်နှောင်ထားနိုင်စွမ်းရှိသည့် သံယောဇဉ်ကြိုးလေးများဖြစ်သည်။ ထိုသံယောဇဉ်ကြိုးမှာ သားသမီးရတနာ တည်းဟူသော သံယောဇဉ်ကြိုး ဖြစ်ပေ သည်။ ထိုသံယောဇဉ်ကြိုးမှာ မဖြတ် တောက်နိုင်လျှင် သံသရာချည်တိုင်မှပင် လွတ်မြောက်ဖို့ရန် မလွယ်ပေ။