အသိုက်ပျက် တနင်္သာရီ ရေအောက်ကမ္ဘာ

0
568

မြန်မာ့ပင်လယ်ကြမ်းခင်းရှိ သန္တာ ကျောက်တန်းများ အထိန်းအကွပ် အား နည်းခဲ့ရာမှ တစ်စ ပိုပိုပျက်စီးလာခဲ့ပြီ ဖြစ်သည်။တနင်္သာရီပင်လယ်တွင် သန္တာ ကျောက်တန်း ၇၀ ရာနှုန်းခန့် ပျက်စီး နေပြီဟု ပြည်ထောင်စုမွေးမြူရေးနှင့် ရေလုပ်ငန်း ဒုတိယဝန်ကြီးက ယခုနှစ် မတ်လ ၉ ရက် ဆလုံပွဲတော်ခရီးစဉ်တွင် မီဒီယာများသို့ ပြောခဲ့သည်။

ယင်းသို့ ပျက်စီးခြင်းသည် လူသား တို့ဖျက်ဆီးမှုနှင့် ရာသီဥတုပြောင်းလဲမှု တို့ကြောင့်ဟု လက်ရှိမြန်မာအစိုးရတာဝန်ရှိသူတို့နှင့် ပညာရှင်တို့က တညီ တညွတ်တည်း လက်ခံထားသည်။သန္တာကျောက်တန်းများ ပျက်စီး သွားပါက ငါးပေါက်ဖွားနှုန်း ကျဆင်း ခြင်း၊ ငါးမျိုးစိတ်များ အုပ်စုလိုက် ပြောင်း ရွှေ့သွားခြင်းများ ဖြစ်ပေါ်တတ်သဖြင့် သားငါးသယံဇာတ ပြုန်းတီးမှုများ ကြုံ တွေ့လာနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ အဖွဲ့ (Fauna & Flora International-FFI) ၏ သန္တာကျောက်တန်းထိန်းသိမ်း ကာကွယ်ပေးရေးအကြံပေး ဦးအောင်ဌေး ဦးက ဆိုသည်။

” သန္တာကျောက်တန်းတွေနဲ့ ငါး မျိုးစိတ်တွေက အပြန်အလှန် အမှီသဟဲ ပြုနေကြတယ်လေ” ဟု ဦးအောင်ဌေးဦးက ပြောသည်။
ပင်လယ်ပြင်အတွင်းရှိ သားငါး သယံဇာတများသည် သန္တာကျောက်တန်း များကို အိမ်များကဲ့သို့ သတ်မှတ် အခြေပြုနေထိုင်သည်။ အချို့သန္တာ ကျောက်တန်းများကလည်း ငါးအချို့တွင် တွယ်ကပ်နေသည့် ဘက်တီးရီးယား ပိုး မွှားများကို စားသုံးခြင်း စသည်တို့ဖြင့် သန္တာကျောက်တန်းနှင့် ငါမျိုးစိပ်တို့သည် အပြန်အလှန် အကျိုးပြုနေသည့် ဂေဟ စနစ်တစ်ခုဖြစ်ကြောင်း ဦးဌေးဦးက ဆို သည်။သန္တာကျောက်တန်းများကြား ငါးသားပေါက်ခြင်း၊ ပြန်ထွက်သွားပါက သားပေါက်ချိန် ပြန်လာကြခြင်း၊ အချို့မှာ ယင်းကျောက်တန်းများအကြားတွင်ပင် ကျက်စားနေထိုင်နေကြကြောင်း ၎င်းက ပြောသည်။

သန္တာကျောက်တန်း ပျက်စီးမှုများ သည် အပူချိန် များလာခြင်းကြောင့်လည်း ဖြစ်နိုင်ပြီး၊ လူနေသည့်နေရာနှင့် အနီးဆုံး နေရာများတွင် ပိုပျက်စီးနေပြီး မိုင်းခွဲငါး ဖမ်းဆီးခြင်း၊ လှေကြီးများ ကျောက်ချ ရပ်နားကြခြင်း၊ ဒရွတ်ဆွဲလှေများ၏ ခဲပြားကြီးများနှင့် ပိုက်အောက်ခြေရှိ သံကွင်း၊ ခဲသီး စသည့် မာကျောသော ပစ္စည်းများဖြင့် ဒရွတ်ဆွဲခံရခြင်း တို့ ကြောင့် ဦးအောင်ဌေးဦးက ထောက်ပြ သည်။” အဓိက လူကြောင့်ပါ၊ လူတွေ လက်လှမ်းမမီတဲ့ အချို့နေရာတွေဆို အကောင်းရှိဆဲပါ” ဟု ဦးအောင်ဌေးဦးက ယင်းတို့၏ လက်ရှိတွေ့ရှိချက်ကို ကိုး ကားပြောဆိုသည်။

တနင်္သာရီတိုင်းတွင်း သန္တာကျောက် တန်း မည်မျှပျက်စီးနေပြီကိုမူ (FFI)မှ သုတေသန ပြုနေဆဲ ဖြစ်သည်။လောင်းလုံးမြို့နယ်၏ ပင်လယ် ကမ်းခြေတစ်ခုဖြစ်သော စမ်းလှမ်းရွာတွင် အလုပ်လုပ်ကိုင်သည့် ဦးအောင်ကြီးက ငါးဗုံးခွဲလှေများ ရေအောက် ကြမ်းခင်း သန္တာကျောက်တန်းများတွင် ဒိုင်းနမိုင်း များ ဖောက်ခွဲကာ ငါးဖမ်းဆီးသဖြင့် ကျောက်ဆောင်များ ပျက်စီးပျောက် ကွယ်မှု အမြဲကြုံနေရသည်ဟု ဆိုသည်။
” မိုင်းခွဲသမားတစ်ယောက်က ပြော တယ်၊ သူမိုင်းခွဲခဲ့တဲ့ ကျောက်ဆောင်နေရာ ကို တစ်လကြာချိန် ပြန်သွားကြည့်တော့ ကျောက်ဆောင်တွေ ပျောက်ပြီး သဲပြင် ကြီး ဖြစ်နေသတဲ့” ဟု ဦးအောင်ကြီးက ပြောသည်။

ငါးဗုံးခွဲလှေများသည် တရားဝင် မဟုတ်သဖြင့် လှေပိုင်ရှင်နှင့် လှေသား များက မိမိတို့ ဗုံးခွဲငါးဖမ်းကြောင်း မပြောရဲကြပေ။
(FFI)၏ သန္တာကျောက်တန်းထိန်း သိမ်းကာကွယ်ပေးရေး အကြံပေး ဦးအောင်ဌေးဦးက ဒေသခံများက ပျက်စီး စေရန် ရည်ရွယ်ချက်မရှိဘဲ စီးပွားရေး အရ ငါးဖမ်းဆီးခြင်း၊ နှုတ်ယူရောင်းချ ခြင်းများမှာ သန္တာကျောက်တန်းများ၏ တန်ဖိုးကို နားမလည်ခြင်းကြောင့် ဟု ဆိုသည်။
ထိုကြောင့် အသိပညာပေးခြင်းလုပ် ငန်းများ လုပ်ကိုင်ခြင်း၊ သန္တာကျောက် တန်းမပျက်စီးသည့် ငါးဖမ်းကိရိယာ များဖြင့် ငါးဖမ်းစေခြင်းများ ပြုလုပ်စေ သင့်သည်ဟု ဆိုသည်။

တနင်္သာရီပင်လယ်အတွင်း သန္တာ ကျောက်တန်းများ မျိုးပွားရန် ပြုစုပျိုး ထောင်ခြင်းလုပ်နိုင်မည်ဆိုပါက အကောင်း ဆုံးဖြစ်သည်ဟု ၎င်းက အကြံပြုသည်။
” အစိုးရက ပံ့ပိုးပြီး အဖွဲအစည်း ပေါင်းစုံက ပူးပေါင်းလုပ်ဆောင်ရင် ရနိုင် ပါတယ်” ဟု ဦးအောင်ဌေးဦးက ဆို သည်။
နိုင်ငံတကာတွင်လည်း ကမာကောင် အခွံများ၊ သတ္တုပုံးများကို ကမ်းခြေတွင် ချထားကာရံ၍ သန္တာများ မွေးမြူကာ ပင်လယ်တွင် ပြန်လွှတ်ခြင်းဖြင့် သန္တာ ကျောက်တန်းများ တတ်နိုင်သမျှ အစားထိုးနေကြသည်ဟု ဦးအောင်ဌေးဦး က ပြောသည်။

သို့သော် တနင်္သာရီပင်လယ်ပြင်၌ ပျက်စီးခဲ့သော သန္တာကျောက်တန်း များ အား အစားပြန်လည် ပျိုးထောင်ခြင်းပြု လုပ်ရန် အစီအစဉ် မရှိသေးကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က နိုဝင်ဘာ ၂၅ ရက်နေ့တွင် မီဒီယာများ သို့ ပြောသည်။
ယင်းသို့စိုက်ပျိုးရန်မှာ အစိုးရ ရန်ပုံငွေ များစွာသုံးစွဲရမည်ဖြစ်ပြီး လက်ကျန်သန္တာကျောက်တန်းများကိုသာ ဦးစားပေး ထိန်းသိမ်းကွယ်ရမည်ဟု ၎င်းက မှတ်ချက်ပြုသည်။

” နိုင်ငံရဲ့အနေအထားအရ ကျွန်တော် တို့က လက်တွေ့ စဉ်းစားရမှာ၊ အကြီး ကြီး စဉ်းစားနေလို့ အလုပ်မဖြစ်ဘူး ” ဟု ဝန်ကြီးဦးမြင့်မောင်က ပြောသည်။
ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် သန္တာကျောက်တန်းများအား ထိန်းသိမ်းရန်ပင် သီးခြားစီမံချက် ဆွဲထား ခြင်း မရှိသေးဟု ဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။

လက်ရှိတွင် သန္တာကျောက်တန်းများ ဆက်လက်မပျက်စီးရန် ပင်လယ်ခရီး သွားလုပ်ငန်းနှင့် ပုလဲမွေးမြူရေး လုပ် ငန်းများအား တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နိုင်ရန် ဦးစားပေးစီစဉ်နေ သည်ဟု ၎င်းက ဆိုသည်။သန္တာကျောက်တန်း စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းကို ပြည်ထောင်စု လွှတ် တော်တွင် အဆိုတင်သင့်ကြောင်း ၎င်းက ပြောသည်။အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရက သန္တာကျောက်တန်း အတုဖြစ်လာရန်၊ ပင်လယ်မျိုးစိတ်တွေအတွက် ဘေးမဲ့တော ဖြစ်လာရန်၊ ခရီးသွားများ ရေငုပ်ရန် ရည်ရွယ်ကာ တရားမဝင် ငါးဖမ်းလှေ များကို ပင်လယ်အတွင်း နှစ်မြုပ်ပစ် နေသည်။ထိုင်းအစိုရက တရားမဝင် ငါးဆွဲ လှေ ၈ စီးအား နိုဝင်ဘာ ၁၅ ရက်နေ့က ထိုင်းပင်လယ် ပတ်ခ်ျဘူရီ ခရိုင်ကမ်း လွန်တွင် နှစ်မြုပ်ခဲ့သည်ဟု CNN သတင်းတစ်ခုတွင် ဖော်ပြသည်။

ရေအောက်သို့ ရောက်သွားသော ယင်းလှေများက ဒရွတ်ဆွဲ ငါးဖမ်းခြင်း များအတွက် အဟန့်အတားဖြစ်စေကာ ငါးများ ခိုအောင်းလာနိုင်ပြီး ဂျင်းခရု ကောင်များစွဲကပ်ကာ နှစ်ကြာလာ သည် နှင့်အမျှ သန္တာကျောက်တန်း အတုများ ဖြစ်လာနိုင်သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။
မြန်မာနိုင်ငံတွင်မူ သန္တာကျောက် တန်းများ ပြန်လည်ပျိုးထောင်ရန် အစီ အစဉ်များ မတွေ့သေးပေ။

ခရီးသွားလုပ်ငန်းများ ကြောင့် သန္တာကျောက်တန်းများ ပျက်စီးနိုင် ကြောင်း နိုင်ငံတကာတွင် ကျယ်ကျယ် ပြန့်ပြန့် သတိပေးမှုများ ရှိနေသော်လည်း အစိုးရကမူ ခရီးသွားလုပ်ငန်းကို အသုံးပြု ၍ တရားမဝင်ငါးလှေများကို တားဆီး နိုင်ရန် စိတ်ကူးနေသည်။

ခရီးသွားလုပ်ငန်းနှင့် ပုလဲမွေးလုပ် ငန်းများ လုပ်ကိုင်ပါက လူသွားလူလာ များလာစေခြင်းဖြင့် သန္တာကျောက်တန်း များကို အဓိက ဖျက်ဆီးနေသည့် ဗုံးခွဲ ငါးလှေများနှင့် ဒရွတ်ဆွဲ ငါးဖမ်းလှေများ အတွက် အဟန့်အတားတစ်ခု ဖြစ်စေ လိမ့်မည်ဟု ဦးမြင့်မောင်က ယုံကြည်နေ သည်။
“သစ်မရှိခင် ဝါးနဲ့ကွပ်တယ် ဆိုတဲ့ ပုံစံမျိုးပေါ့” ဟု ၎င်းက ဆိုသည်။