ကော့သောင်းလေဆိပ်တွင် ဗိုလ်ကြီးအယောင်ဆောင်သူတစ်ဦး ဖမ်းမိ

0
392

ကော့သောင်းလေဆိပ်တွင် ဗိုလ်ကြီးအယောင်ဆောင်သူအား နိုဝင်ဘာ ၈ ရက်က အယောင်ဆောင် ပစ္စည်းများ နှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။အဆိုပါဗိုလ်ကြီးအယောင်ဆောင်သူမှာ ထိုင်းနိုင်ငံ ကဗီမြို့နယ်၊ ကော်ဖီဖီကျွန်းမှ ပြန်လာသူဟု သိရပြီး သရက်ချောင်းမြို့နယ်သားဟု သိရသည်။

၎င်း၏ ခရီးဆောင်အိပ်အား လေဆိပ်တွင်X-Ray ဖြတ်သန်းစဉ် မသင်္ကာဖွယ်ပစ္စည်းများတွေ့ရှိ၍ စစ် ဆေးရာမှ လက်ကိုင် စကားပြောစက် ၁ လုံး၊ အရိုးအသွား ၈ လက်မခန့်ရှိ ခေါက်ဓားတစ်လက်၊ စတီးလက်ထိပ် တစ်ခု၊ စကားပြောစက် ဧရိယာတိုင်တို ၂ ချောင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။

အဆိုပါ ပစ္စည်းများနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ၎င်းက ဗိုလ်ကြီးအောင်ထက်မင်းဟု ပြောဆိုသဖြင့် သက်ဆိုင်ရာသို့ ဖုန်းဆက်မေးမြန်းရာ မဟုတ်မှန်ဟုသိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။မြေယာ အလွှဲအပြောင်း စာချုပ်ကိစ္စအတွက် ပြန်လာသည်ဆိုသည့် ၎င်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားလည်းရှိပြီး မည်သည့်အတွက်ကြောင့် ယင်းသို့ လိမ်လည်ပြောသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

လက်ရှိတွင် အသက် ၂၉ နှစ် အရွယ်ရှိ ကိုငယ်ထွေးအား ယခုဖြစ်စဉ် နှင့်ပတ်သက်၍ စကားပြော စက်အား လိုင်စင်မရှိဘဲ လက်ဝယ်ထားခြင်း အ တွက် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၇ အရလည်းကောင်း၊ ဗိုလ်ကြီးအဖြစ် လိမ်လည်အယောင်ဆောင်မှုအတွက် ရာဇသတ်ကြီးပုဒ်မ-၁၇၀ အရလည်းကောင်း၊ အများသူငှာ ဝင်ထွက်သွား လာရာနေရာတွင် ဦးချွန်ခေါက် ဓားလက်ဝယ်ထားရှိမှုအတွက် လက်နက်ပုဒ်မ-၁၉(င)အရလည်းကောင်း အမှုဖွင့် အရေး ယူထားကြောင်း သိရသည်။