ဦး ရဲ့ မီး

2390
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

” မီးရေ . . . .”
“မီး . . . .”
“မီးရေ . . . . ”
အပြင်မှာ သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးသံက ဦးရဲ့ ခေါ်သံ လွှမ်းသွား ရဲ့။
မီး ဘယ်မှာလဲ။
“မီးရေ . . ..”
_ _ _ _ _

ဒီနေ့မနက် အိပ်ရာနိုးတော့ မီး မရှိတော့ဘူး။
မီး ဦးဘေးနားမှာ မရှိတော့ပြန်ဘူး။ ဘယ်လို ဖြစ်ရပြန်တာလဲ မီးရယ်။အခုတလော မီးက ဇာတိ ပြလာတယ် နော်။ ခဏ ခဏဆိုတာထက် အများကြီး ပိုတယ်နော်။ တော်တော်ကို ခဏခဏ ပါပဲ။ ဦး ဘေးနားက ထွက်သွားတာလေ။
ဦးအတွက် မရှိမဖြစ် ဖြစ်နေမှန်း သိလို့များ တမင် မူပိုနေတာလား မီးရယ်။ မီးမရှိတော့ဘူးလို့ သိလိုက်တဲ့ အချိန်တိုင်းမှာ ဦးက ဆောက်တည်ရာ မဲ့လေ။
ဝမ်းနည်းတာတစ်ဖက်၊ ဒေါသ ထွက်တာ တစ်ဖက်ပေါ့။ အဲလို မီးထွက် သွားပြီဆိုရင် ဘယ်အချိန်မှများ ပြန်လာ မလဲလို့ မျှော်လိုက်ရတာ။
ဒါတွေကို မီးကတော့ သိမှာ မဟုတ်ပါဘူး။ အရင်တုန်းက မီးရဲ့ ပြောစကားတွေက အခုတော့ လေမှာ လွင့်ကုန်ပြီးလား။
အခု မီးလုပ်နေပုံက ဦးကို အရေး မလုပ် လူရာမသွင်း သလိုပဲနော်။ ပြန်လာမယ့် အချိန်လည်း မပြော၊ ထွက်သွားမယ့် အချိန်လည်း အသိမပေး နဲ့လေ။
ဘယ်လိုပဲဖြစ်ဖြစ် ဦးဘ၀က မီးမရှိလို့ မဖြစ်တော့တဲ့ အခြေလေ။
အရင်ကဆို ဦးဘာသာဦး တစ်ယောက်တည်း အဆင်ပြေပေမယ့် အခုတော့ မီးက ဦးကို မှီခိုတတ်အောင် လုပ်ခဲ့ပြီလေ။ နှစ်ပေါင်းများစွာ အတူတကွ ရှိခဲ့ အိပ်မက်တွေ အတူမက်ခဲ့ကြတယ် မဟုတ်လား။
fire
မီးမရှိတော့ ဦးရဲ့ အလုပ်တွေလည်း မလုပ်ရတော့ဘူး။ ဦးတို့ရဲ့ စားရေး သောက်ရေးလည်း မစိုပြေတော့ဘူး။
ဦး ဘယ်လိုလုပ်ရမလဲကွယ်။ ဦးလေ လက်ရှိ အခြေအနေမှာတော့ မီး မြန်မြန် ပြန်လာပါစေ၊ လုံးဝ ပြန်ထွက် မသွားပါ စေနဲ့လို့သာ ဆုတောင်း နေရတာပါပဲ။
ဒါပဲ တတ်နိုင်တော့တယ်လေ။ဒါပေမယ့် ဦး ဆုတောင်း မပြည့်ခဲ့ ပါဘူး။ မီးက ဦးဘ၀ထဲက ခဏခဏ ထွက် ထွက်သွားတုန်းပါပဲ။
ပြောရင် မီးယုံမှာ မဟုတ်ဘူးလေ။ ဦးရဲ့ ဘ၀ရှေ့ရေးအတွက် ဦးရဲ့အနာဂတ် အတွက် ဦးနဲ့မီး တစ်သက်လုံး လက်တွဲ သွားဖို့ ဦးရည်ရွယ်ထားတယ်ဆိုတာ မီးသိစေချင် လိုက်တာကွယ်။

မီးဟာ ဦးဘ၀ရဲ့ အရာရာပါ။
မီးရှိတဲ့အခါ ဦးရဲ့ မီးဖိုချောင်လေး အတွက် အချိန်မကုန်တော့ဘူး။
ဦးရဲ့ လုပ်ငန်းတွေကိုလည်း စမတ် ကျကျနဲ့ သွက်သွက်လေး လုပ်နိုင်ရဲ့ ။ ဦးရဲ့ အနာဂတ်ကိုလည်း စနစ်တကျ ပုံဖော်နိုင်တယ်လေ။
အရင်ကဆို ဦး ဘ၀က အနာဂတ် အလင်း ချို့ချို့တဲ့တဲ့ပေါ့။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ဘ၀။ ဦးဘ၀ထဲ မီးရှိလာတော့မှ အနာဂတ် အလင်း ပျပျကို မြင်ရတယ်လေ။

အဲ . . တစ်ခါတလေကျတော့လည်း မီးက ဦးကို ကျီစားတတ်သေးတယ်နော်။ ဦးကို မျက်စပစ်ပစ်ပြလိုက်၊ ထွက်သွား လိုက်၊ ပြန်လာလိုက်နဲ့ မိနစ်ပိုင်း လေးထဲမှာကို အကြိမ်ကြိမ်ပဲကွယ်။ အဲလို ဆိုတော့လည်း ဦးမနေတတ် မထိုင်တတ် ဖြစ်ရတယ် မီးရယ်။ ဘယ်လိုပြောမလဲ မီးက အဲလို မကြာ မကြာ ကျီစားရင်တော့ ဦးဒေါသ ထွက်ပြီး မီးကိုစိတ်ထဲက ငေါက်ငမ်း မိတာတော့ ဦးဝန်ခံပါတယ် လေ။ ဒါပေမယ့် မီးက ဦးဘ၀ရဲ့ တစ်ဦး တည်းသော အဖော်ဆိုတော့ မီး ဘယ်လိုပဲ ပစ်ပစ်ခါခါ လုပ်လုပ် ဦး စိတ်မဆိုးဖြစ် အောင် ထိန်းရတာပေါ့။
ဘာပဲဖြစ်ဖြစ် ဦး နားလည်ပါတယ်။ ကျေနပ်ပါတယ်။ မီးက ငယ်သေးတော့ စိတ်ကစားချင်လည်း ကစားမှာပေါ့။ ဒီလိုပါပဲ… နောက်တော့လည်း မီး အတွေ့အကြုံရှိလာပြီဆိုရင် တည်ငြိမ် သွားမှာပါ။

ဒါပေမယ့်လေ ပုထုဇဉ်မဟုတ်လား။ မီးထွက် သွားပြီး ပြန်မလာတာ အချိန်ကြာ လာရင်တော့ ဦးလည်း သီးမခံနိုင်ဘဲ ထဆဲမိတော့တာပေါ့ကွယ်။ အင်း.. တော်သေးတာပေါ့ မီးရယ်။ မီးမကြားလိုက်လို့။ ဒီထက် တော်သေး တာက မီးရဲ့ အုပ်ထိန်းသူကြီး မကြား လိုက်လို့ပေါ့။ ဦးဆဲတာကို မီးရဲ့ အုပ်ထိန်းသူကြီး ကြားလို့ကတော့ ဦးနဲ့မီးကို အဆက်ဖြတ်မလားပဲ။ အဲလိုဆို ဦး အသည်းကွဲပြီပေါ့ မီးရယ်။ မတွေးရဲ စရာပဲနော်။ မီးမရှိတဲ့ ဘ၀ဆို ရင်တော့ ဦးဘ၀ကတော့ ရှေ့ ဆက်လို့မရဘဲ ရှင်လျက်နဲ့ သေပြီ ပေါ့ကွယ်။
ဟိုးနေ့ကဆို မီးထွက်သွားလိုက်တာ အကြာကြီးပဲ။ အဲဒီတုန်းကဆိုရင် ဦးလေ.. မျှော်လိုက်ရတာ။ မီး ဒီနေ့ ပြန်မှ ပြန်လာဦးမလားလို့။
ပြန်ရောက်လာတော့လည် ပျော် တစ်ဝက် ရင်မောတာ တစ်ဝက်ပေါ့။ ဘာလို့ဆို ဦးရင်ခွင်ထဲက မီးနောက် ထပ်တစ်ခေါက် ထွက်သွား ဦးမယ်ဆိုတာ သေချာနေလို့ပေါ့။

အဲ… ဦးကြို တွက်ထားသလိုပဲ တစ်နေ့မှာပေါ့ မနက်ပိုင်း ဦးဘ၀ထဲက မီးခဏလောက် ထွက်သွားပြန်ပါရော။ ဒီတစ်ခါ အဆင်ပြေပါစေလို့ ဆုတောင်း လိုက်ရတာလည်း အမောပေါ့ မီးရယ်။ အဲ… ညနေရောက်လို့ မီးပြန်လာတော့ ဦးမှာလေ ပျော်လိုက်ရတာ။ ဟေး.. လို့ ထအော် မိမတတ်ပါပဲ။ မီးထွက်သွား တုန်းက နေမထိထိုင်မသာဖြစ်နေတဲ့၊ ဆောက်တည်ရာ မရဖြစ်နေတဲ့ ဦးရဲ့ စိတ်တွေလည်း မီးပြန်လာတော့မှ အားလုံး ပျောက်ကုန်ရော။ အဲလောက်ထိ ဦးအပေါ်မှာ မီးကစွမ်းတာ။ တကယ် ပြောတာပါ။
မီး ထွက်သွားတုန်းကဆိုရင် ဒါနောက်ဆုံး ထွက်သွားတာဖြစ်ပါစေလို့ ဦးဆုတောင်း လိုက်ရတာကွယ်။ ဒါပေမယ့် ဦးဆုတောင်းမပြည့်ခဲ့ဘူး။ ခုချိန်ထိ မီးက ဦးရင်ခွင်ထဲက ထထ ထွက်သွားနေတုန်းပဲ။
ခုဆို ရာသီဥတုကလည်း မကောင်း တော့ ဦးစိတ်ပူတာပေါ့။ မိုးတွေသည်းပြီး ဆို မြို့ကို ရေခဏခဏ ဝိုင်းနေတယ် မဟုတ်လား။ ပြီးတော့ လေပြင်းတွေ ကလည်း ထန်တော့လေ။

လမ်းမှာ မီးတစ်ခုခု ဖြစ်နေလား။ ဘာနဲ့ ငြိနေလဲ။ သစ်ပင်တွေ ဘာတွေနဲ့ များ ငြိမလား။ ပုတ်သင်ညိုတွေ ဘာတွေနဲ့ တိုးမိပြီးတော လန့်ဖျတ် မေ့မြောနေမလား။ တွေးပူတတ်သူဆိုတော့ စုံနေအောင်ကို တွေးပြီး ပူတာပါပဲ မီးရယ်။
တစ်ခါတလေ ကျရင်ပေါ့၊ မီးထွက် သွားတဲ့အချိန် ဦးဘ၀ထဲမှာ တစ်ခြား သူတွေနဲ့ အစားထိုး ကြည့်မိသေးတယ်။ ဒါပေမယ့် အဆင်မပြေဘူး။ ကရိကထ ကများ၊ နားပူနားဆာကလုပ်ဆိုတော့ မီးကိုပဲ တမ်းတမိပြန်တာပေါ့။ မီးကသာ ဦးဘ၀အတွက် အားထားရာ။ မီးဟာ ဦးဘ၀ရဲ့ ပဲ့ကိုင်ရှင်၊ ဦးဘ၀ရဲ့ မျှော်လင့်ချက် ပေါ့။ ဦးဘ၀ရဲ့လမ်းပြ ကြယ်ပေါ့ မီးရယ်။
ဘာပဲပြောပြော ဦးရဲ့ဘ၀ဟာ မီးပါ ပဲကွယ်။ မီးမရှိရင်လေ ဦးမနေတတ် တော့ဘူး။ မီးရှိမှ ဦးဘ၀အရာရာ ပြည့်စုံ မှာ။ နောက်ဆို မီးအပြင် သွားစရာရှိရင် ဦးကို ကြိုပြောနော်။

မီးက ခုချိန်မှာဆိုရင် ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် (အဲဟုတ်ပါဘူး)၊ အင်း.. ဘယ်လိုပြောရပေါ့၊ အဲ..လူတိုင်း ခိုက်တဲ့ ပန်းတော်ကိုင်လို့ ပြောရမလား။ မီးက နေရာတိုင်းမှာ စတားဖြစ်နေပြီလေ။ ဒါကြောင့်မို့ ဦး အတွက်လည်း မီးဟာ အလိုအပ်ဆုံး၊ ဦးအတွက် အားအကိုးရဆုံး အဖော်မွန် ဆိုတာ ဦးကျိန်ပြောရဲတယ်နော။
ဦးဘေးမှာ မီးမရှိရင် ဦးဘ၀ပျက် သွားနိုင်တယ်ဆိုတာ နားလည်ပေးပါ နော်။ ဦးအတွက်နဲ့လည်း မီးမှာ ဝန်ထုပ် ဝန်ပိုးဖြစ်နေပြီဆိုတာကို ဦးနားလည် ပေးပါတယ်ကွယ်။
မီးလည်းပဲ ကျန်းမာဝဖြိုး၊ အလှတွေ တိုးလို့၊ အမြဲတမ်း ခွန်အားတွေ တိုးပါစေ လို့ ဦးအမြဲတမ်း ဆုတောင်း နေပါတယ် နော်။ ဘာဖြစ်လို့လဲဆိုတော့ မီးက အားမရှိရင် ဦးက အလုပ် မဖြစ်ဘူးကွဲ့။
ဘာပဲဖြစ်ဖြစ် မီးရယ် ဦးကိုတော့ လုံးဝ ခွဲမသွားနဲ့လို့ ပြောပါရစေ။ ခုချိန် မှာ ဦးက မီးနဲ့ နေသားတကျ ဖြစ်နေပြီ ဆိုတော့ ခုနေခါ ဦးဘ၀ထဲက မီးအပြီး အပိုင်ထွက်သွားလို့ကတော့ ဦး ဘ၀ ပျက်ပြီကွယ့်။
ဦးရဲ့ဘ၀ဟာ မီးမရှိရင် မဖြစ် တော့လို့ပါကွယ်။
မဖြစ်မနေဆိုတဲ့ အခြေအနေ တွေမှာတော့ ဦးမတားပါဘူး မီးရယ်။
တစ်ခုပါပဲ။

သွားမယ့်အချိန်လေး ပြောပါ။
ပြန်လာမယ့် အချိန်လေး တိတိ ကျကျ ပြန်လာပါ။
ဒါမှလည်း ဦးရဲ့ မျှော်တော်ယောင် ဓာတ်ပြားဟောင်းကြီးကို ခေါက်သိမ်း ရနိုင်မှာလေ။
မီးက ဦးကို အရင်လို ဈေးမကြီး တော့ပါ။ တစ်ယူနစ် ၃၀၀ နဲ့ လျော့ပေး မယ်ဆိုကတည်းက ပျောက်သွားလိုက်တာ ဦးမှာ ဖုတ်လိုက်ဖုတ်လိုက်နဲ့ ရင်ခုန်သံ တွေ မမှန်တော့ပါကွယ်။