ရပ်ကွက်ဓာတ်အား လော်ဘီရဲ့ ရင်နင့်စာ

0
520

သို့
ဒေါက်တာဝင်းထိန် ခင်ဗျား..။

ရင်းရင်းနှီးနှီး ကိုဝင်းထိန် လို့ပဲ ခေါ်ခွင့်ပြုပါဗျာ..။ ဘာကြောင့်ဆို အခု ရေးတဲ့စာက “ဝင်းထိန်”ဆိုတဲ့ နာမည် နဲ့ “ဓာတ်တည့်” လွန်းလို့ပါ။

ကျွန်တော်က ကိုဝင်းထိန်ရဲ့ တနင်္သာရီတိုင်း လျှပ်စစ်အကြောင်း ဆောင်းပါးတွေ မလွတ်တမ်းဖတ်ရင်း ရေးသူ နာမည်နဲ့ ဓာတ်စီးပြီး တစ်တိုင်း လုံး (ဈေးပေါပေါနဲ့) “ဝင်းထိန်” ပါစေ သတည်းလို့ ဆုတောင်းနေသူ ဆိုပါ တော့..။
ဒီနှစ် နွေဦးမှာတော့ ထားဝယ် ခရိုင်အတွင်းက ကျုပ်တို့ရဲ့ ကျေးတော ဇနပုဒ် တချို့ဆီ ဓာတ်တိုင်ကြီးတွေ ဖြတ်သွယ်လာတော့ ဆုတောင်းပြည့်ပြီ ဆိုပြီး အစိုးရ မင်းတွေရဲ့ စွမ်းဆောင်ရည် ကို သာဓုခေါ် ပေးမိ သဗျ..။ အဲ..၊ အဲဒီ ဓာတ်တိုင်ကြီး တွေနောက်က ကပ်ပါ လာတဲ့ အကျိုးဆက်တွေက တကယ့်ကို ရင်ခုန်၊ ရင်နင့်၊ ရင်လေး.. စရာတွေပေါ့ ခင်ဗျာ။
candle_light
ကိုဝင်းထိန်ရေ..

အဲဒီ ဓာတ်ကြိုးသွယ်တန်းရာ လမ်းတစ်လျှောက်က ” မလွတ်ဘူး” ဆိုတဲ့ သစ်ပင်တွေမှန်သမျှ တဖြောင်း ဖြောင်း ခုတ်လှဲ ဖြတ်တောက် လိုက်ကြတာ..၊ လမ်းတစ်ဖက်တစ်ချက် အရိပ် ကောင်းခဲ့ ဖူးတဲ့ ရွာဝင်လမ်းလေးလည်း ခုတော့ အရိုးပြိုင်းပြိုင်းကျပြီး နေဒဏ်ကြောင့် ကတ္တရာတွေ ဆူပွက်မတတ်ပါပဲ။
ဒါကို ကျုပ်တို့ရွာသားတွေက အပြစ် မမြင်နိုင်ကြတဲ့အပြင် နိုင်ရာ လုပ်အားတွေနဲ့ ဝိုင်းဝန်းကူညီ ကြသေး သဗျ..။
ဒါတင် မကသေးဘူးဗျ..။ ရွာ တစ်ရွာမှာ ဓာတ်အားခွဲစက် တစ်လုံးပဲ ရမယ်၊ အဲဒီ ဓာတ်အားခွဲစက်ကတစ်ဆင့် တစ်ယူနစ် ၃၀၀ နဲ့ ရွာကို ဓာတ်အား ရောင်းချမယ်၊ ရွာတွင်းဓာတ်အား ဖြန့်ဖြူးရေးလိုင်းနဲ့ ကျန်တဲ့ကိစ္စ အဝ၀ အတွက် ရွာသားတွေက မီးလင်းရေး ကော်မတီဖွဲ့ပြီး မီးလင်းအောင် စွမ်း ဆောင်ရမယ်လို့ ဆိုလာတယ်လေ။

ဒီတော့ ကိုဝင်းထိန်ရေ..
ကျုပ်တို့ ရွာတွေ ကိုယ်စီမှာ မီးလင်းရေး ကော်မတီဖွဲ့တော့ (ကိုဝင်းထိန် ပြောသလို လျှပ်စစ် ဓာတ်အား ငတ်ကြီးကျနေတဲ့) ကျွန်တော် ဝင်ပါမိသဗျ။ အဲဒီကစပြီး ကျွန်တော် လည်း ” လော်ဘီ” ဖြစ်မှန်းမသိ ဖြစ်သွား ပါလေရောဗျာ။ ၂၄ နာရီ မီးလင်းစေရ မယ်လို့ ပြောတဲ့သူကြီးတွေနဲ့ ရွာသား တွေကြား အောင်သွယ်ပေးရတဲ့ ရပ်ကွက် ဓာတ်အား လော်ဘီလေးပေါ့ဗျာ။
ရွာမီးလင်းရေး ကော်မတီတွေက ကိုယ်ထူကိုယ်ထ တည်ထောင်ရမယ့် ရွာတွင်းလိုင်းအတွက် ရွာသားတွေကို ဆွယ်တရား ဟောကြရတယ်လေ။ တစ်တိုင်းလုံး မီးလင်းစေချင်သူတွေရဲ့ စေတနာကို အသေအချာ လော်ဘီ လုပ်(အဲလေ) ရှင်းပြ..၊ ၂၄ နာရီ ဓာတ် အားလိုင်းရဲ့ အားသာချက်တွေကို သိသမျှ ပြောပြစည်းရုံး..၊ ရွာက လက် ခံပြီဆိုမှ ကုန်ကျနိုင်တဲ့ ငွေပမာဏကို အကြမ်းတွက်ချက်။ ရွာထဲက (ဓာတ် အားသုံးမယ့်) အိမ်အရေအတွက်နဲ့ အချိုးချပြီး ကောက်ခံ။ ကျွမ်းကျင်သူတွေ ငှားရမ်းပြီး (အဆင့်ဆင့်သော မီးလင်း ရေးကော်မတီက သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းနဲ့ အညီ) ရွာတွင်းလိုင်းကို တည်ထောင် ကြရတာဗျ။

ကိုဝင်းထိန်ရေ..
၂၄ နာရီ ဓာတ်အားစီးနေမယ် ဆိုတဲ့ ရွာတွင်း လိုင်းကြိုးတွေနဲ့ လွတ်အောင် ဆိုပြီး ရွာထဲက သီးပင်စားပင်တွေ ခုတ်လှဲဖြတ်တောက် လိုက်ရတာ ရွာသား တွေ နှစ်ချီတယုတယ စိုက်ပျိုးထား သမျှ သွားပါလေရောဗျာ..။ ကျုပ်တို့ ရွာလေး တွေခမျာလည်း နေမင်းကို လည်စင်းပေး လိုက်ရ သလိုပါပဲ။ အရင်တုန်းက အချိန် မရွေး အေးစိမ့်နေတတ်တဲ့ သောက်ရေအိုးစင် လေးတွေလည်း ပူလောင်ကုန်လိုက်တာ ထပွက်မတတ် ပါပဲဗျာ..။ နေ့လယ်နေ့ခင်း တွေမှာ လေနုအေးလေးတွေ ဖြတ်တိုက် နေကျ နေရာလေးတွေလည်း အပူငွေ့တွေ ပလူလို့ပေါ့..။
ဒါပေမဲ့ ကိုဝင်းထိန်ရေ..

ကျုပ်တို့ ရွာသားတွေကတော့ ဝင်းထိန်လာမဲ့ လျှပ်စစ်မီးတွေကို မြင် ယောင်ပြီး ရေအိုးစင်ကရေတွေ မအေးတော့ ရင်လည်း ရေခဲသေတ္တာထဲက ရေကို သောက်ကြမယ်..၊ လေတွေ မအေးတော့ ရင်လည်း ပန်ကာဖွင့်ပြီး နေကြတာပေါ့ ဆိုပြီး ဖြေသိမ့်ကြသပေါ့ဗျာ။
ရွာတွင်းလိုင်းတွေလည်း ရွာသား တွေရဲ့စုပေါင်းအင်အားနဲ့ တည်ဆောက် လိုက်ကြတာ ကျုပ်တို့ ရွာတွေမှာ အဲဒီ ၂၄ နာရီဓာတ်အားကြီး မရောက်လာခင် နှစ်လလောက် လိုကတည်းက အဆင် သင့်..။ အိမ်တွေမှာလည်း အဲဒီ ဗို့ အပြည့်ဓာတ်အား ဆိုတာကြီး အန္တရာယ် ကင်းကင်း စီးဆင်းနိုင် အောင်ဆိုပြီး မီးကြိုးနဲ့ လျှပ်စစ်ပစ္စည်း အကောင်းစား တွေ ငွေကုန်ကြေးကျခံ တပ်ဆင် လိုက် ကြတာ ထားဝယ် လျှပ်စစ်ဈေးကွက်တောင် အတော် လှုပ် ခတ်သွားတယ်လေ..။

ကိုဝင်းထိန်ရေ..
ဓာတ်အားကြီး လာတော့မယ်လို့ အထက်လူကြီးတွေ ချိန်းဆိုလေတိုင်း ကျုပ်တို့ ရပ်ကွက်လော်ဘီလေးတွေ ပြာပြာသလဲ။ ရွာထဲက အိမ်တွေကို ” ဒီနေ့ ဘယ်နာရီမှာ မီးလွှတ်မယ်ဟေ့..အားလုံးသတိ” ဆိုပြီး ခပ်တည်တည်နဲ့ လိုက်သတိပေးကြရတာ ဖတ်ဖတ်မော။ ပြီးရင် ဓာတ်ကြိုးတွေကို မော့ကြည့်ရင်း ရွာလယ်က ဓာတ်အားခွဲစက်လေးနားမှာ စုကြပြီး ဓာတ်အားကိုမျှော်ကြ။ အဲ.. အကြောင်း အမျိုးမျိုးကြောင့် ချိန်းဆို ချက် ပျက်ကွက်ပြီး ဓာတ်အား ရောက် မလာလို့ ရွာပြင်မှာ ပြေးပုန်း နေရတာ လည်း ခဏခဏ..။ ရွာသားတွေ ဖယောင်း တိုင်လေး ပြေးဝယ်နေတာတွေ့ရင် ကျုပ်ဖြင့် မျက်နှာထားစရာနေရာကို မရှိဘူး။

ကိုဝင်းထိန်ရေ..
ခုတော့ ၂၄ နာရီ ဓာတ်အားပြည့် ဆိုတာကြီး ဇွန်လ ၁၆ ရက်နေ့ ညသန်း ခေါင်လောက်မှာ ကျုပ်တို့ ရွာကို ဖုတ်လှိုက် ဖုတ်လှိုက်နဲ့ အောင်မြင်စွာ ဆိုက်ရောက် လာသဗျ..။” ဟေး” လို့ အားပါးတရ ထမအော်ရဲခဲ့ဘူး ဓာတ်အား က တကယ့်ကို ဖုတ်လှိုက် ဖုတ်လှိုက် ကြီးဗျ..။
မနက်ရောက်တော့ ” မီးတွေ ပြတ် ကုန်တယ်” ၊ ” ဗွီဒီယို ပြလို့ မရဘူး” ၊ “ရေတင်လို့မရဘူး” ၊ ” မီးအား မပြည့်ဘူး” စသဖြင့် ရွာထဲက အသံမျိုးစုံ ကြားရတော့ တာပါပဲဗျာ။ နောက်တော့ မီးက ခဏခဏ ပြတ် တောက်နေတော့တာပါပဲ ဗျာ။ ခုထိ မီးချောင်းနဲ့ ဖယောင်းတိုင်တွေ ဝယ်လိုအား တက်နေဆဲပါပဲဗျာ..။

ကိုဝင်းထိန်ရေ..
” စမ်းသပ် ကာလမို့ ခုလို ဖြစ်ပျက် နေတာပါ” ၊ ” ခဏတော့သည်းခံပါ” လို့ ကျုပ်တို့ လော်ဘီတွေက ရွာသားတွေကို မျက်နှာချိုလေးနဲ့ ဘယ်အချိန်ထိများ တောင်းပန် နေရဦးမှာလဲ မသိပါ ဘူးဗျာ..။
ဒီသတင်းတွေကြားတဲ့ စင်ကာပူ ရောက် မိတ်ဆွေတစ်ယောက်က ကျွန် တော့်ကို တယ်လီဖုန်းနဲ့ လှမ်းခနဲ့လေရဲ့ ဗျ..။ သူတို့ဆီမှာ လျှပ်စစ် ဓာတ်အား ၁၀ မိနစ်၊ ၁၅ မိနစ် တာမျှလေး ဖြတ်တောက်ဖို့အရေး တစ်ပတ်လောက် ကြိုတင်အသိပေး အကြောင်းကြားပါသ တဲ့။ အဲဒီ အကြောင်းကြားချက်အတိုင်း ချွင်းချက် မရှိ တိတိကျကျ ဓာတ်အား ပြတ်တောက် ပြီး တိတိကျကျ ပြန်လင်း ပါသတဲ့။ အဲလို ပြန်လင်းပြီးနောက် ” အခုလို သည်းခံပေးတဲ့အတွက် ကျေးဇူး တင်ကြောင်း” တောင်းပန်စာတွေ တစ်ပတ်တိတိ ပို့ပေးနေပါသေးသတဲ့။ မင်းတို့ လော်ဘီတွေလည်း အဲလို လုပ်ပါလားလို့ အကြံပြုသဗျ။

ကိုဝင်းထိန်ရေ..
ကျွန်တော်လည်း ဒီအကြံ မဆိုးဘူး ဆိုပြီး အထက်လော်ဘီကြီးတွေကို ဒီ အကြောင်း တင်ပြတာပေါ့။ ပျက်မယ့် အချိန်နဲ့ လင်းမယ့်အချိန်တွေကို အော်လံ နဲ့ ရွာထဲ လိုက်အော်မယ်၊ သင်ပုန်းကြီးနဲ့ ကြေညာမယ်ပေါ့လေ။
လော်ဘီကြီးတွေ ပြန်ပြောတာက အားရစရာ..။ သူတို့ဆီကိုတော့ မီးပျက် ရင် ဘယ်အချိန် ပြန်လင်းမယ်လို့ အထက်က ဖုန်းလာလေ့ရှိပါသတဲ့..။ ဒါပေမယ့် တစ်ခါမှ မသေချာဖူးတော့ တို့ထလုပ်ရင် တို့အရှက်ပဲ ဗြန်းဗြန်း ကွဲမယ်..၊ တိတ်တိတ်သာ နေပါတဲ့လေ..။
ဒီတော့လည်းလေ..၊ ကိုဝင်းထိန် ရေးပြတွက်ပြတာတွေ ဖတ်ဖတ်ပြီး တစ်ယူနစ် ၃၅ ကျပ်တန် ဓာတ် အားလိုင်းကြီးကို စိတ်ကူးနဲ့ ဓာတ်လိုက် ခဲ့တဲ့..၊ အစိုးရတဲ့ ရွာမီးပေးစက်လေးကို ဥပေက္ခာပြုပြီး အစိုးမရသေးတဲ့ တစ်ယူ နစ် ၃၀၀ ရာတန် ဓာတ်အားကို မနေနိုင် မထိုင်နိုင် လော်ဘီလုပ်ခဲ့မိတဲ့ ကျွန်တော် ရဲ့မျက်နှာ သကာ ဝယ်လိမ်း ထားရမဲ့ ကိန်းဆိုက်နေပြီပေါ့ဗျာ..။

ကိုဝင်းထိန်ရေ..
အခုလို ဘာကြောင့် ဖြစ်နေရတာလဲ၊ ဘယ်လို ဖြေရှင်းရင် အကောင်းဆုံး ဖြစ်လာနိုင်လဲ..၊ ကျွန်တော်တို့လို ဓာတ် အားလိုင်းတွေ မရောက်သေးတဲ့ ထားဝယ်ခရိုင်တွင်းက တချို့ရွာတွေနဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းညီနောင် မြိတ်၊ ကော့သောင်းသားတွေပါ ဘယ်လို ကြိုတင်ပြင်ဆင်ထားသင့်သလဲ ဆိုတာ တွေ ပြောပြရေးပြပါဦးဗျာ..။

ခုတော့ ဓာတ်အားလိုင်း မရောက် သေးတဲ့နယ်တွေ၊ ရွာတွေအတွက် ကျွန်တော်တို့ ခံရ(အဲလေ..) ကြုံတွေ့ ရသမျှထဲက သင်ခန်းစာယူပြီး ကျွန်တော် တတ်သမျှမှတ်သမျှ အကြံပြု လိုက်ပါတယ် ဗျာ။

(၁) ဓာတ်ကြိုးသွယ်ဖြတ်လာနိုင်တဲ့နေရာတွေ သက်ဆိုင်ရာ ကျွမ်းကျင် သူတွေကို ကြိုတင်တွက်ဆ သတ်မှတ် ခိုင်းကြပါ။ (အပင်တွေ မစိုက်ကြဖို့၊ အိမ်တွေ မဆောက်မိဖို့လိုတာကိုးဗျ)။

(၂) ငွေတွေကြိုတင် စုဆောင်း ထားကြပါ။ ဖယောင်းတိုင်တွေ၊ လောင်စာဆီတွေ၊ (တတ်နိုင်သူ တွေက တော့) ကိုယ်ပိုင် မီးစက် ငယ်လေးတွေ ကြိုတင်ဆောင်ထားကြပါ။ (မီးချောင်း အပိုတွေလည်း ဆောင်ထားကြပါဦး)။

(၃) ရွာတွေကို လိုင်းကြိုးတွေ သွယ် ပြီးရင်လည်း မီးလာတော့မယ် ပြောတိုင်း မယုံကြပါနဲ့။ နဂို ရှိရင်းစွဲ မီးပေးဝေသူတွေ နဲ့ သင့်မြတ်သော ဆက်ဆံရေးကို ထူထောင် ထားကြပါ။ (WIN WIN သီအိုရီအတိုင်း သူလည်း အိုကေ ကိုယ်လည်း အဆင် ပြေအောင် ကြိုးစားသင့်ပါတယ်)။
အဟဲ..၊ နောက်ဆုံး မှာချင် တာကတော့ ကိုဝင်းထိန်ရေ..၊ လူတကာ အချိန်မရွေး အပြစ်ပြော ငြူစူခံရခြင်း ခံနေရတဲ့ ကျွန်တော့်လို အခမဲ့ ကျေးရွာ ဓာတ်အားလော်ဘီ လုပ်မယ် ဆိုရင်တော့..

” အရေထူနိုင်သမျှ ထူရမယ်” ပေါ့ ဗျာ။
ဒါက ရပ်ကွက်ဓာတ်အားလော်ဘီ တစ်ဦးရဲ့ ရင်တနင့်နင့်နဲ့ ရေးတဲ့စာပါ။
လူသားအားလုံး ကိုယ်ချင်းစာနာ တတ်ကြပါစေဗျာ။