ကော့သောင်းမြို့ရဲ့ အပြင်ထွက်ခွင့်ကတ်ပြား ဂယက်

0
186

ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်နေသည့်အချိန်တွင် ကော့သောင်းမြို့ပေါ် ရပ်ကွက်အချို့၌ အပြင်ထွက်ခွင့်ကတ်ပြားရရှိရေး စုပြုံတိုးဝှေ့နေကြသည့် ဓာတ်ပုံများ လူမူကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့သည်။

ကော့သောင်းမြို့ရှိ ရပ်ကွက်အချို့တွင် ဩဂုတ်လ ၂၀ ရက်က အပြင်ထွက်ခွင့်ကတ်ပြား စတင်ထုတ်ပေးခဲ့ပြီး ၂၁ ရက်နေ့မှ ထုတ်ပေးသည့် ရပ်ကွက်လည်းရှိသည်ဟု ဆိုသည်။ရပ်ကွက်အချို့တွင် အပြင်ထွက်ခွင့်ကတ်ပြားအား အိမ်တိုင်ရာရောက် ထုတ်ပေးနေပြီး အချို့ရပ်ကွက်တွင်မူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထုတ်ပေးသဖြင့် လူစု လူဝေးဖြစ်ပေါ်ခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။

Dawei Watch ၏ စုံစမ်းမေးမြန်းချက်အရ အောင်သုခရပ်ကွက်၊ ရွှေဟင်္သာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ပိတောက်ရွှေဝါ ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ရုံးတို့တွင် အပြင်ထွက်ခွင့်ကတ်ပြားထုတ်ယူရန် လူစုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။“လူစု လူဝေးဖြစ်နေတာက ကော့သောင်းမှာဆိုရင် ရပ်ကွက်အားလုံးလိုလိုမှာ ဖြစ်နေတာဗျ” ဟု မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

စည်ပင်သာယာရေးရုံးတွင် ဈေးရောင်းချခွင့် ကတ်ပြားများ ထုတ်ပေးနေခြင်းဖြစ်ပြီး ဈေးသည်အများအပြား လာရောက်ထုတ်ယူကြသဖြင့် လူစု လူဝေး ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

Stay at Home သတ်မှတ်ထားသည့် ကာလအတွင်း အချို့ဈေးဆိုင်များအား ဖွင့်ခွင့်မပြုတော့ကြောင်း စည်ပင်သာယာရေးအဖွဲ့က စာပို့အကြောင်းကြားခဲ့သည်ဟုဆိုသည်။

“ကတ်ပြားရှိမှ ဈေးရောင်းရမယ်ဆိုလို့ အတင်းတိုးပြီး သွားယူနေရတာ။ အချို့ကတ်ပြားမရလို့ မကျေမနပ်နဲ့ အော်ပြောနေတဲ့ သူတွေလည်း ရှိတယ်” ဟု အထက်ပါ ဈေးသည်အမျိုးသမီးက ပြောသည်။

နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့သည် ရွေ့ပြောင်းအလုပ်သမားများပြီး အိမ်ခန်းငှားနေထိုင်သူလည်း အများအပြားရှိသည်။ယင်းသို့ရွှေ့ပြောင်းလာသူများထဲတွင် အိမ်ထောင်စုစာရင်း မပြနိုင်သူများလည်းရှိရာ အပြင်ထွက်ခွင့် ကတ်ပြားထုတ်မရသည့် အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

အိမ်ထောင်စုစာရင်းရှိသူများကို အပြင်ထွက်ခွင့်ကတ်ပြား ဦးစားပေးထုတ်ပေးနေသည်ကို တွေ့ရကြောင်း အောင်သုခ ရပ်ကွက်နေ လူငယ်တစ်ဦးက ပြောသည်။ယင်းအခြေအနေတွင် အိမ်ထောင်စုစာရင်း မပြနိုင်သူများကလည်း အပြင်ထွက်ခွင့်ကတ်ပြားရလိုရငြား ရပ်ကွက်ရုံးတွင် သွားရောက်စောင့်ဆိုင်းနေကြခြင်းကလည်း လူစုလူဝေးဖြစ်ပေါ်ရခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စီမံခန့်ခွဲမှုက အရမ်းညံ့ဖျင်းလို့ ဒီလို လူစုလူဝေးတွေ ဖြစ်နေတာဗျ” ဟု အထက်ပါ လူငယ်က ဆိုသည်။အပြင်ထွတ်ခွင့် ကတ်ပြားအား ရပ်ကွက်အချို့တွင် အိမ်တိုင်ရာရောက်လိုက်ပေးပြီး အချို့ရပ်ကွက်၌ ရပ်ကွက်ရုံးတွင် ထုတ်ပေးနေသည့် အခင်းအကျင်းတွင် ကတ်ပြားကို မည်သို့ထုတ်ယူရမည်ကို မသိသူအချို့လည်း ရှိနေပြန်သည်။

“အိမ်လာပေးမယ်ဆိုလို့ ကျွန်မတို့က စောင့်နေတာ ရပ်ကွက်ရုံးမသွားဘဲနဲ့။ အခုထိတော့ မရသေးဘူး” အောင်သုခရပ်ကွက် ကြေးနန်းကွင်းအရပ်နေ အမျိုးသမီးတစ်ဦးက ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပြောသည်။ကော့သောင်းမြို့နည်းတူ ထားဝယ်မြို့တွင်လည်း အပြင်ထွက်ခွင့်ကတ်ပြားထုတ်ပေးရာ၌ လူစု၊ လူဝေးဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်အချို့လည်း ရှိသည်။

ပုံစာ- ကော့သောင်းမြို့ စည်ပင်သာယာအဖွဲ့ရုံး၏ ဩဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်း မြင်ကွင်း