တနင်္သာရီတိုင်းတွင် နေ့စားလပေး ဆရာ ဆရာမ ခေါ်ရန် ညှိနှိုင်းနေဟုဆို

0
143
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းအတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်မည့် နေ့စားလပေး ဆရာ၊ ဆရာမများ ခေါ်ယူရန် တိုင်းဒေသကြီး နကစကောင်စီနှင့် ညှိနှိုင်းနေကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

အခြားမြို့ဒေသများတွင် နေ့စားလပေး ဆရာမများကို စတင်ခေါ်ယူနေပြီး ပဲခူးတိုင်း ပြည်မြို့တွင်မူ နေ့စားလပေး ဆရာ၊ ဆရာမ လျှောက်ထားသူများပြားနေကြောင်း ပြည်တွင်းသတင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။

“တိုင်းကောင်စီနဲ့ညှိပြီး ခေါ်မယ်လို့တော့ ကြားရတယ်။ အခုထိတော့ ခေါ်စာတွေ မထွက်သေးဘူး” ဟု တိုင်း ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နကစကောင်စီသည် အခြေခံကျောင်းများနှင့် တက္ကသိုလ်များ ပြန်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေသည်။

သို့ရာတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ဆရာ၊ ဆရာများ ပါဝင်နေသဖြင့် ကျောင်းဖွင့်ပါက သင်ကြားရေးဝန်ထမ်း လိုအပ်ချက်ရှိနေမည်ဖြစ်သည်။

ယင်းအတွက်ကြောင့် နေ့စားလပေး ဆရာ၊ ဆရာမများခန့်ထားနိုင်ရေး သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် နကစကောင်စီနှင့် ပညာရေးဌာနတို့ ညှိနှိုင်းဆောင်ရွက်ရန် အခြေခံပညာဦးစီးဌာနက ညွန်ကြားချက်ထုတ်ပြန်ထားသည်။