| Dawei Watch တင်ဆက်သည် |
တိုင်းအတွင်း ဆေးရုံစောင့်ကြည့်လူနာ ၁၂ ဦးရှိ
တနင်္သာရီတိုင်းအတွင်း ကိုရိုနာရောဂါပိုး ဆေးရုံစောင့်ကြည့်လူနာ (Hospital Quarantine) ၁၂ ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောကြားသည်။
ဧပြီလ ၄ ရက်နေ့စာရင်းအရ ထားဝယ်ဆေးရုံကြီးတွင် စောင့်ကြည့်လူနာ ၈ ဦး၊ ကော့သောင်းတွင် ၂ ဦး၊ မြိတ်တွင် ၁ ဦး (ပိုးမတွေ့သူ)နှင့် ကံပေါက်တိုက်နယ်ဆေးရုံတွင် ၁ ဦးရှိကြောင်း ၎င်းက ဆိုသည်။
“ဒီနေ့က ထားဝယ်မှာတစ်ယောက်၊ ကော့သောင်းမှာတစ်ယောက် အသစ်ပေါ့နော်”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။
ထားဝယ်ဆေးရုံတွင် ဧပြီလ ၃ ရက်နေ့က စောင့်ကြည့်လူနာ ၈ ဦးရှိသည်းအနက် သရက်ချောင်းမှတစ်ဦးက သက်သာသွားသည့်အတွက် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း ၎င်းက ဆိုသည်။
ဧပြီလ ၃ ရက်နေ့က ကော့သောင်းဆေးရုံမှ ဓာတ်ခွဲနမူနာပို့ထားသူနှစ်ဦး၏ ဓာတ်ခွဲအဖြေမှာ ယခုည ထွက်နိုင်ဖွယ်ရှိကြောင်း ဒေါက်တာထွေးမြစိုးက ပြောသည်။
တနင်္သာရီတိုင်းအတွင်း မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ကိုရိုနာရောဂါပိုးရှိ/မရှိ လူနာ ၈ ဦး၏ နမူနာများကို ဓာတ်ခွဲစစ်ဆေးရာ ၆ ဦးတွင် ပိုးမတွေ့ အဖြေထွက်ပြီး ၂ ဦး၏ ဓာတ်ခွဲအဖြေကို စောင့်ဆိုင်းနေဆဲဖြစ်သည်။
မြိတ်ဆေးရုံကြီးဧည့်တွေ့ချိန်ကန့်သတ်
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုကြိုတင်ကာကွယ်ရေးအတွက်မြိတ်ပြည်သူ့ဆေးရုံကြီးတွင်ဧည့်တွေ့ချိန်အားဧပြီလ၄ရက်နေ့မှစပြီးနေ့စဉ်တစ်နာရီသာ ခွင့်ပြုတော့မည်ဖြစ်သည်။
နေ့စဉ်မွန်းလွဲ ၄နာရီမှ၅နာရီအထိကိုဧည့်တွေ့ချိန်အဖြစ်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
စောင့်ကြည့်ရေးစခန်းအသစ်
မြိတ်မြိုမြိတ်တောင်ကျေးရွာအုပ်စုရှိအမှတ်၆အခြေခံပညာအထက်ကျောင်း၊အုန်းတောတွင်ကိုဗစ်နိုင်တီးရောဂါအတွက်၁၄ရက်ကြာစောင့်ကြည့်ရေးစခန်းဖွင့်လှစ်နိုင်ရန်ဧပြီလ၄ရက်နေ့ကစီစဉ်နေကြောင်းမြိတ်တောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးထံမှသိရသည်။
မြိတ်မြို့ကလွင်ကျေးရွာအုပ်စုအေးရိပ်ချောင်မဟာစည်သာသနာ့ရိပ်သာနှင့်မြိတ်တက္ကသိုလ်ဝင်းရှိပုလဲရာဇာအဆောင်တို့တွင်ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ရေးစခန်းအားဖွင့်လှစ်ထားပြီးဖြစ်သည်။