ထားဝယ်မြို့အတွင်း လမ်းနယ်နှင့် ရေမြောင်းအတွင်း ကျရောက်နေသည့် ဖုန်းတိုင်များကို သက်ဆိုင်ရာဆက်သွယ် ရေး အော်ပရေတာများက အောက်တိုဘာ လ ၁၀ ရက်အပြီး နုတ်ရမည်ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီက ပြောဆိုလိုက်ပြန်သည်။
Mytel၊ MBT၊ Ocean Wave စသည့် ဆက်သွယ်ရေးအော်ပရေတာနှင့် အင်တာနက်ကုမ္ပဏီတို့၏ တိုင်များကို ပြန်နုတ်ခိုင်းခြင်း ဖြစ်သည်။
ယင်းကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် စည်ပင်သာယာရေးကော်မတီတို့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးပြီး လမ်း၊ ရေမြောင်းနှင့် မလွတ်ကင်းသည့် ဖုန်းတိုင်များ၊ တိုင်များဖြင့် ပြွတ်သိပ်ကြပ်နေသည့် နေရာရှိ ဖုန်းတိုင်များကို ယခုနှစ်ဇွန်လ ကုန်ပိုင်းတွင် အပြီးဖယ်ရှားရှင်းလင်းရန် စာထုတ်ညွှန်ကြားခဲ့ဖူးသည်။
သို့ရာတွင် ယင်းကုမ္ပဏီတာဝန် ရှိသူများက အထက်အဆင့်ဆင့်ကို ဆက်လက်တင်ပြမည်ဟု ပြောဆိုကာ လက်ရှိအချိန်ထိ ပြန်မနုတ်သေးသည့် အတွက် စက်တင်ဘာလ ၂၅ ရက်က အစည်းအဝေးထပ်ခေါ်ကာ ထပ်မံသတိ ပေးခဲ့ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ဆိုသည်။
စည်ပင်သာယာရေးကော်မတီက ကွင်းဆင်းစစ်ဆေးကာ ပြန်နုတ်ရမည့် တိုင်များကို ကြက်ခြေခတ် အမှတ်အသားများ လုပ်ဆောင်ထားကြောင်း ၎င်းက ပြောသည်။
လက်ရှိသတ်မှတ်ထားသည့် ရက် အတွင်း အဆိုပါတိုင်များကို ပြန်မနုတ်ပါ က တိုင်းအစိုးရထံ တင်ပြပြီး အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးက ဆိုသည်။
“သတ်မှတ်ချိန်အတွင်း မနုတ်ရင် စည်ပင်ဝန်ကြီးကတစ်ဆင့် တိုင်းအစိုးရ ကို တင်ပြရမှာပေါ့” ဟု ကော်မတီ အတွင်းရေးမှူးက ဆိုသည်။
Mytel အော်ပရေတာက ဆန်းချီ လမ်းရှိ ဖုန်းတိုင် ၁၇ တိုင် ၊ ဆေးရုံလမ်းရှိ ၎င်းကုမ္ပဏီပိုင် တိုင်အားလုံးနှင့် ကျန် နေရာအချို့မှ လမ်းနှင့် မလွတ်သည့် တိုင်အချို့ကို နေရာရွေ့ရမည်ဟု စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
MBT ကုမ္ပဏီနှင့် Ocean Wave ကုမ္ပဏီတို့၏ တိုင်အချို့ကို လမ်းနယ် နိမိတ်၊ ရေမြောင်းနှင့် မလွတ်သည့် အတွက် နေရာရွေ့ရမည်ဟု အထက်ပါ အဖွဲ့ထံမှ သိရသည်။
ယင်းအပြင် လမ်းနယ်နိမိတ်နှင့် ရေမြောင်းအတွင်းကျရောက်နေသည့် လျှပ်စစ်ဌာနမီးတိုင်များနှင့် MPT ဖုန်းတိုင် များကိုလည်း နေရာရွှေ့ရန် သို့မဟုတ် ပြန်နုတ်ရန် ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူးက ဆိုသည်။
ထားဝယ်မြို့ဧရိယာအတွင်းတွင် ဖုန်းတိုင်များ၊ မီးတိုင်များကို အစီအစဉ် မကျဘဲ ပြွတ်သိပ်ကျပ်တည်းစွာ စိုက်ထူ ထားသည့် အတွက် ဒေသခံများအကြား ပြောဆိုဝေဖန်မှုများ ရှိနေခဲ့သည်။
Dawei Watch