အစ္စရေး-အီရန်ပဋိပက္ခကြောင့် ကမ္ဘာ့ရွှေစျေးတက်၊ ပြည်တွင်းရွှေစျေးလည်းတက်နိုင်

0
273

အစ္စရေးက အီရန်နိုင်ငံကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ဟု အမေရိကန်က ပြောဆိုခဲ့ပြီးနောက် ကမ္ဘာ့ရွှေဈေး မြင့်တက်သွားပြီး ပြည်တွင်းရွှေဈေးလည်း မြင့်လာနိုင်ကြောင်း ရွှေလုပ်ငန်းရှင်အချို့က ခန့်မှန်းကြသည်။

ပြီးခဲ့သည့်အပတ်က အီရန်နိုင်ငံက အစ္စရေးနိုင်ငံကို ဒရုန်းနှင့် တာဝေးပစ်ဒုံးရာချီပစ်ခတ်ခဲ့မှုကို အစ္စရေးက လက်တုန့်ပြန်သည့်အနေဖြင့် အီရန်နိုင်ငံထဲကို ယနေ့တွင် ဒရုန်းဖြင့်ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အီရန်နိုင်ငံရှိ ခရိုင်အများစုတွင် လေကြောင်းရန် ကာကွယ်ရေးစနစ်များ လည်ပတ်ထားပြီး ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာ၏ ရေးသားချက်ကို BBC သတင်းတွင် ဖော်ပြထားသည်။

ထိုသို့ အစ္စရေးက အီရန်နိုင်ငံအား ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အမေရိကန်အရာရှိများ၏ ပြောဆိုချက်ထွက်ပေါပြီးနောက် ကမ္ဘာ့ရွှေဈေးနှင့် ရေနံဈေးများ ထိုးတက်သွားသလို ဟောင်ကောင်၊ ဂျပန်နှင့် တောင်ကိုးရီးယားရှိ စတော့ရှယ်ယာဈေးလည်း ကျသွားကြောင်း BBC သတင်းက ဆိုသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၂၃၈၈ ဒေါ်လာဈေးပေါက်နေပြီး ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့ကမူ ၂၃၄၄ ဒေါ်လာသာ ဈေးဖွင့်ခဲ့သည်။

ထိုကြောင့်တစ်ပတ်တာကာလအတွင်း ရွှေတစ်အောင်စလျှင် ၄၄ ဒေါ်လာဈေးတက်သွားသည်။

ယင်းအခြေအနေများကြောင့် ကမ္ဘာ့ပေါက်ဈေးအပေါ် အခြေခံထားသည့် ပြည်တွင်းရွှေဈေးလည်း အတက်ဘက်ပိုရောက်လာနိုင်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ယနေ့တွင် ရန်ကုန်ရွှေဈေး မဖွင့်သည့်အတွက် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် လေးဆယ့်ခုနစ်သိန်းရှစ်သောင်း(၄၇၈၀၀၀၀)ကျပ်ဖြင့် ထိန်းထိန်းသိမ်းသိမ်း ရောင်းနေကြကြောင်း ၎င်းက ပြောသည်။

“ရန်ကုန်ဈေးမဖွင့်တော့ ထိန်းရောင်းနေတယ်။ ရန်ကုန်ဈေးဖွင့်တဲ့နေ့ကျရင်တော့ ကမ္ဘာ့ဈေးအတိုင်း တက်နိုင်တယ်”ဟု အထက်ပါရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

ဧပြီလ ၁၉ ရက်နေ့ နံနက်တွင် အစ္စရေးက ပစ်ခတ်လိုက်သည့် တာဝေးပစ်ဒုံးကျည်သည် အီရန်လေတပ်ဌာနချုပ်ရှိရာ အစ္စဖာဟန်မြို့ကို ထိမှန်ခဲ့ပြီး ပေါက်ကွဲသံများကြားရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အီရန်မီဒီယာများတွင်မူ အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်က ဒရုန်း ၃ စီးကို ပစ်ချခဲ့ကြောင်း ဖော်ပြကြသည်။