မြဝတီ ခလရ ၂၇၅ ကို KNLAနှင့်ပူးပေါင်းတပ်များ သိမ်းပိုက်လိုက်၍ စစ်ကောင်စီတပ်သားများ ထိုင်းဘက် ပြေးရန်ပြင်

0
457

ကရင်ပြည်နယ် မြဝတီမြို့၏ မြို့စောင့်တပ်ဖြစ်သော ခြေလျင်တပ်ရင်း ခလရ ၂၇၅ ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ယနေ့ နံနက်တွင် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။

ဧပြီ ၈ ရက်နေ့က စတင်ခဲ့သော တိုက်ပွဲမှာပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းသုံး၍ တိုက်ခိုက်မှုများလည်း ရှိခဲ့သည်။

မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိနေသော စစ်ကောင်စီ၏ ခလရ−၂၇၅ တပ်စခန်းကို လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့သော်လည်း ထိုတပ်စခန်းမှ လက်နက်ချအညံ့ခံခြင်းမရှိဘဲ စစ်ကူများလာရောက်နိုင်ရန်အတွက် ခုခံတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယနေ့ ဧပြီ ၁၁ ရက်နေ့ နံနက် ၄ နာရီကျော်တွင် ခလရ ၂၇၅ ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြားရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တပ်ရင်းအတွင်း ကျန်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၂ တံတားအနီးသို့ ဆုတ်ခွာသွားကြောင်း ထိုင်းသတင်းများနှင့် ပြည်တွင်းသတင်းများအရ သိရသည်။

ကရင်ပြည်နယ်၊ မြ၀တီခလရ ၂၇၅ တပ်ကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် ကျန်စစ်အင်အား ၂၀၀ ခန့်မှာ အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်သို့ ဆုတ်ခွာသွားကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြည်တွင်းသတင်းဌာနသို့ အတည်ပြုပြောဆိုထားသည်။

ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ကလည်း အမှတ် ၂ တံတား မဲဆောက်ဘက်တွင် ကင်းလှည့်နေပြီး လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားကြောင်း ထိုင်းသတင်းများကဆိုသည်။

မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ် ၁ တံတားကိုမူ ပုံမှန်အတိုင်း ဖွင့်လှစ်ထားလျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင်လည်း မြဝတီမြို့ဘက်က စစ်ရှောင်လာသောသူ ပိုများလာကြောင်း အမှတ် ၁ တံတားအနီးနေ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောသည်။

“ဒီနေ့ လူကြီးတွေရော ကလေးတွေရော ထပ်ဝင်လာနေကြတယ်။ အိတ်ကြီး အိတ်ငယ်တွေ သယ်ပြီး မြဝတီဘက်ကနေ ကြိုရှောင်လာကြတဲ့သူတွေပေါ့” ဟု ၎င်းကဆိုသည်။

ထိုင်းရဲတပ်ဖွဲ့နှင့် အစိုးရအဖွဲ့တာဝန်ရှိများက မဲဆောက်ဘက်မှ ဝင်လာသူများကို လက်နက်များကဲ့သို့ တရားမဝင် ပစ္စည်းများ သယ်လာမှုမရှိရေး တင်းတင်းကြပ်ကြပ် စစ်ဆေးပြီးနောက် ဝင်ခွင့်ပြုလျက်ရှိနေကြောင်း ထိုင်းဘက်က ထုတ်ပြန်ထားသည်။

Ref: The Reporter