မွန်တွင် တစ်ရက်အတွင်း အမျိုးသားသုံးဦး ပစ်သတ်ခံရ

0
345

မွန်ပြည်နယ်တွင် တစ်ရက်အတွင်း အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးအပါအဝင် အမျိုးသားသုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဧပြီလ ၇ ရက်နေ့ ည ၈ နာရီဝန်းကျင်က မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၃ နှစ်အရွယ် ဦးထိန်ဝင်း (ခေါ်) ဦးမော့တို့ သားအဖနေအိမ်တွင်ရှိနေစဉ် သေနတ်သမားတို့က လာရောက်ပစ်ခတ်သဖြင့် သေဆုံးကြောင်း ကမာဝက်မြို့ခံတစ်ဦးက ပြောသည်။

“သူ (ဦးမော့) က ရွာမှာ လောင်းကစားဝိုင်းတွေ ဖွင့်တယ်။ ကြက်ဝိုင်း၊ ဖဲဝိုင်းတွေ ဖွင့်တယ်။ တခြားတော့ သူ့အကြောင်း သိပ်မသိဘူး။ သူပစ်ခံရတဲ့အချိန်မှာ သူ့အမျိုးသမီးက တရားစခန်းဝင်နေတာ” ဟု ၎င်းက ပြောဆိုသည်။

ဦးထိန်ဝင်း (ခေါ်) ဦးမော့ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူတို့က လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ဖြေဆိုထားသည်။

ဦးထိန်ဝင်းသည် စစ်ကောင်စီသတင်းပေးလုပ်နေသည့်အပြင် ဒေသခံပြည်သူတို့ကို ခြိမ်းခြောက်ခြင်း၊ ရွာတွင် လောင်းကစား ဝိုင်းဖွင့်ခြင်းတို့ကြောင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) ဘက်က ပြောဆိုထား သည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အနေဖြင့် ဦးထိန်ဝင်းကို ရှင်းလင်းစဉ် ၎င်း၏သားဖြစ်သူက သေနတ် ဆွဲထုတ်ပြီး ပြန်လည်ခုခံခဲ့သည့်အတွက် သားဖြစ်သူကိုပါ ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်သည်ဟုလည်း ပြောဆိုထားသည်။

အထက်ပါ ပြောဆိုချက်အချို့နှင့်ပတ်သက်၍ Dawei Watch အနေဖြင့်သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဧပြီလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီကလည်း ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအနိုင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအနိုင်သည် အခြားအမျိုးသားတစ်ဦးနှင့်အတူ ကားဖြင့်မောင်းနှင်သွားနေစဉ် လမ်းတွင် သေနတ်သမားတို့က ပစ်ခတ်ခဲ့ပြီး ဦးအနိုင်သည် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးကြောင်း ၎င်းတို့က ဆိုသည်။

ဦးအနိုင်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို မသိရသေးပေ။

အာဏာသိမ်းပြီးနောက်ပိုင်း မွန်တွင် စစ်ကောင်စီတပ်နှင့် နီးစပ်သူ၊ ပူးပေါင်းသူ၊ စစ်ကောင်စီထောက်တိုင်၊ စစ်ကောင်စီ သတင်းပေးဟုဆိုသူများကို ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့က မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

စုဆောင်းထားသည့်အချက်အလက်များအရ မတ်လတစ်လအတွင်း မွန်ပြည်နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီ တပ်နှင့် နီးစပ်သူ၊ ပူးပေါင်းသူ၊ စစ်ကောင်စီထောက်တိုင်၊ သတင်းပေးဆိုသူ ၁၀ ဦးထက်မနည်း ပစ်သတ်ခံခဲ့ရသည်။