ဘီးလင်းတွင် ခရီးသည်တင်ကား မိုင်းဆွဲပစ်ခတ်ခံရပြီး တစ်ဦးသေ၊ လေးဦးဒဏ်ရာရ

0
486

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲခံရပြီး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ယာဉ်နောက်လိုက်သေဆုံးကာ ယာဉ်မောင်းအပါအဝင် ခရီးသည် လေးဦး ဒဏ်ရာရကြောင်း ဒေသခံတို့က ပြောသည်။

ဧပြီလ ၄ ရက်နေ့ ည ၉ နာရီခန့်က မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်း လာသည့် “အောင်ကျော်မိုး” ခရီးသည်တင်ကားသည် မိုင်တိုင်အမှတ် ၁၃၁/၁ နှင့် ၁၃၁/၂ ကြား အရောက်တွင် မိုင်းဆွဲ ပစ်ခတ်ခံရခြင်းဖြစ်သည်။

ထို့ကြောင့် ယာဉ်နောက်လိုက်ဖြစ်သူ ကိုဇင်ကိုလတ်သည် လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားပြီး ယာဉ်မောင်းအပါအဝင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာ ရကြောင်း ဒေသခံတို့က ဆိုသည်။

“ကားက မိုင်းခွဲခံရပြီးတော့ လက်နက်ငယ်တွေနဲ့ ထပ်ပြီးပစ်ခံရတာပါ” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

အောင်ကျော်မိုး ခရီးသည်တင်ကားသည် ယာဉ်မောင်း တစ်ဦး၊ ယာဉ်နောက်လိုက် နှစ်ဦးနှင့် ခရီးသည်အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၁၇ ဦးတို့ လိုက်ပါစီးနင်းလာခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

မိုင်းဆွဲ ပစ်ခတ်ခံရမှုကြောင့် ခရီးသည်တင်ကားလည်း ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း ဆိုသည်။

ထိခိုက်ဒဏ်ရာရသူများကို လူမှုကူညီကယ်ဆယ်ရေးအသင်းတို့၏ အကူအညီဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ခရီးသည်တင်ကား မိုင်းဆွဲပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို မသိရသေးပေ။

မတ် ၂၇ ရက်နေ့ကလည်း ဘီးလင်းနှင့် သထုံမြို့နယ်ကြား ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်လမ်း တွင် သထုံအခြေစိုက် အကြင်နာတွဲလက ပရဟိတအသင်းကားပစ်ခတ်ခံရပြီး ယာဉ်မောင်းနှင့် လူနာဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ် မော်လမြိုင်-ရန်ကုန်ကားလမ်းတစ်လျှောက်တွင် ခရီးသည်တင်ကား၊ လူမှုကယ်ဆယ်ရေးကား မိုင်းဆွဲ ပစ်ခတ်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေပြီး ခရီးသည် ထိခိုက်သေဆုံး သည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။