တနင်္သာရီတိုင်းကကျောင်းသားများ တက္ကသိုလ်ဝင်တန်း အထူးစာမေးပွဲ ဖြေဆိုခွင့်မရ

0
577
ပုံစာ - တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ ထားဝယ်မြို့စာစစ်ဌာန။ ဓာတ်ပုံ - ပြန်/ဆက်

စစ်ကောင်စီက ကျင်းပမည့် တက္ကသိုလ်ဝင်တန်း အထူးစာမေးပွဲ ဖြေဆိုရမည့်အထဲတွင် တနင်္သာရီတိုင်းရှိ တက္ကသိုလ်ဝင်တန်းကျောင်းသားများ ပါဝင်ခြင်းမရှိကြောင်း တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးကပြောသည်။

မတ်လ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားပြီးဖြစ်သော်လည်း တ လုံခြုံရေးအခြေအနေကြောင့် ဖြေဆိုခွင့်မရသူများကို စစ်ကောင်စီက အထူးစာမေးပွဲ ထပ်မံကျင်းပပေးခြင်းဖြစ်သည်။

တနင်္သာရီတိုင်းတွင်လည်း စာမေးပွဲဖြေဆိုရန် စာရင်းပေးထားပြီးနောက် လာရောက်မဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ အနည်းဆုံး ၁၄၀ ခန့်ရှိကြောင်း တိုင်းပညာရေးမှူးရုံးစာရင်းအရ သိရသည်။

သို့သော် တနင်္သာရီတိုင်းမှာ အထူးစာမေးပွဲ ဖြေဆိုခွင့်ပြုသည့် တိုင်းနှင့်ပြည်နယ်များအထဲတွင် မပါဝင်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“စစ်ကိုင်းတို့၊ ရခိုင်တို့ဖက်ကလို စစ်ဖြစ်နေတဲ့နေရာတွေက ကလေးတွေပေါ့။ အဲထဲမှာတော့ တို့တိုင်း( တနင်္သာရီတိုင်း) ကမပါဘူး” ဟု ၎င်းတာဝန်ရှိသူကဆိုသည်။

တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်တို့ဘက်မှ တနင်္သာရီတိုင်းသို့ ပြောင်းရွှေ့လာသည့် ကျောင်းသူ၊ကျောင်းသားများမှာမူ ဖြေဆိုခွင့်ရမည်ဟုဆိုသည်။

ယင်းကျောင်းသူ၊ ကျောင်းသားများအတွက်မူ ထားဝယ်မြို့ အမှတ် ၁ အထက်တန်း ကျောင်းတွင် စာစစ်ဌာနဖွင့်ပေးရန် ပြင်ဆင်ထားသည်။

အထူးစာမေးပွဲဖြေဆိုလိုသူများမှာ ဧပြီလ ၁၂ ရက်နောက်ဆုံးထားပြီး ရောက်ရှိရာဒေသရှိ ပညာရေးမှူးရုံးသို့ ဆက်သွယ်ရမည်ဖြစ်သည်။

တနင်္သာရီတိုင်းတွင်မူ ဧပြီလ ၄ ရက်နေ့အထိ ထူးစာမေးပွဲဖြေဆိုရန် စာရင်းပေးသူမရှိသေးကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။