တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1327

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ် ၂ ရက်နေ့အထိ

ရခိုင်မှာ စျေး၊ ဆေးရုံတွေတိုက်ခိုက်ခံရလို့ အရပ်သား အစုလိုက်သေဆုံးဒဏ်ရာရ

ပုံစာ – ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁နာရီ ၄၅ မိနစ်ဝန်းကျင်မှာ မင်းပြားမြို့နယ် မင်းဖူးရွာ ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးတဲ့ မြင်ကွင်း။

ရခိုင်ပြည်နယ်မှာ စျေး၊ ဆေးရုံတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးဒဏ်ရာတွေ ရခဲ့ကြပါတယ်။

စစ်တွေမြို့မစျေးက ကိုရီးယားဆိပ်ကမ်းပျံကျစျေးမှာ ဖေဖော်ဝါရီလ ၂၉ရက်နေ့ နံနက်ပိုင်းက စျေးရောင်း၊ စျေးဝယ်သူတွေနဲ့ စည်ကားနေချိန်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူ ၁၂ ဦး သေဆုံးပြီး ၈၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီထဲက ၃၀ကျော်က ဒဏ်ရာပြင်းထန်ပြီး အလတ်စား၊ အသေးစား ဒဏ်ရာရတာ ၅၀ လောက် ရှိပါတယ်။

စစ်ကောင်စီရေတပ် စစ်သင်္ဘောကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာလို့ ဒေသခံတွေနဲ့ ရက္ခိုင့်တပ်တော် AA တို့က ပြောဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ AA လက်ချက်လို့ စွပ်စွဲထားပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်မိုးမလင်းခင်ကလည်း မင်းပြားမြို့နယ်မှာ နေရာနှစ်ခုကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ပါသေးတယ်။ မင်းဖူးရွာဆေးရုံ ဗုံးကြဲခံရတာကြောင့် ဆေးရုံအဆောက်အအုံများစွာ ပျက်စီးသလို ဆေးကုသမှု ခံယူနေတဲ့ ပြည်သူတွေ၊ ဆေးရုံဝန်ထမ်းတွေ ပြင်းထန်စွာဒဏ်ရာရတယ်လို့ AA က ဆိုပါတယ်။

သေကံကျေးရွာကိုလည်း ဂျက်တိုက် လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင် ၁၀ ဦး ဒဏ်ရာရပြီး နေအိမ်၊ စာသင်ကျောင်းနဲ့ စပါးကျီ ပျက်စီးဆုံးရှုံးတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း ရမ်းဗြဲမြို့နဲ့ အနီးဝန်းကျင် လေကြောင်းတိုက်ခိုက်ခံရပြီး ဆေးရုံ၊ စျေးနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ပါသေးတယ်။ အရပ်သားတွေရှိနေတဲ့နေရာကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်လို့ ပြစ်တင်မှုတွေလည်း ရှိနေပါတယ်။

……………………………………

မကွေးမှာ တိုက်လေယာဉ်တစ်စင်းပျက်ကျ

မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ MIG – 29 အမျိုးအစား တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက် နေ့လယ်ပိုင်းက ကြိုးဝန်းရွာအနောက်တောင်ဘက် လယ်ကွင်းထဲကို ပျက်ကျခဲ့တာ ဖြစ်ပြီး တိုက်လေယာဉ် မီးလောင်ပျက်စီးသွားပါတယ်။ တိုက်လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတို့ကတော့ လေထီးနဲ့ ခုန်ထွက်ပြီး လွတ်မြောက်သွားပါတယ်။ သူတို့ကို စစ်ကောင်စီတပ်က လာရောက် ကယ်ထုတ်သွားတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီကတော့ လေ့ကျင့်ပျံသန်းချိန်မှာ စက်ချို့ယွင်းပြီး မတော်တဆဖြစ်တာလို့ ထုတ်ပြန်ထားပါတယ်။

ဒီနှစ်အတွင်း ပစ်ချခံရတာကြောင့်လည်း တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ပျက်ကျခဲ့ပါသေးတယ်။ ဇန်နဝါရီလမှာ ကချင်နဲ့ ရှမ်းမြောက်မှာ ရဟတ်ယာဉ်တစ်စင်းနဲ့ တိုက်လေယာဉ်တစ်စင်းကို KIA က ပစ်ချခဲ့ပါတယ်။ ကရင်မှာလည်း ရဟတ်ယာဉ် တစ်စင်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ပစ်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း တိုက်လေယာဉ်တစ်စင်းကို ကရင်နီတော်လှန်ရေးအဖွဲ့တွေက ပစ်ချခဲ့ပါသေးတယ်။

……………………………………

မိုးမိတ်နဲ့ မဘိမ်းကို စစ်အုပ်ချုပ်ရေးကြေညာ

ပုံစာ – တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိုးမိတ်မြို့ကို ဇန်နဝါရီလကုန်ပိုင်းက တွေ့ရတဲ့မြင်ကွင်း။

တိုက်ပွဲတွေကြောင့် ပြည်သူတွေ မြို့ကိုစွန့်ခွာသွားကြတဲ့ ရှမ်းမြောက်က မိုးမိတ်နဲ့ မဘိမ်းမြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။

အဲဒီမြို့နယ်နှစ်ခုရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကို အခြေခံဥပဒေအရ အပ်နှင်းတယ်လို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကြေညာတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ မိုးမိတ်မြို့မှာ ကချင်တပ် KIA ၊ ကျောင်းသားတပ် ABSDF၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက် ဇန်နဝါရီလကုန်ပိုင်းမှာ ပြန်လည်ထိန်းချုပ်ထားနိုင်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ တိုက်ပွဲတွေ ပြင်းထန်တာကြောင့် ပြည်သူတွေ မြို့ကို စွန့်ခွာသွားကြပြီး နေအိမ် ရာနှင့်ချီလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

မိုးမိတ်ခရိုင်ထဲက မဘိမ်းမြို့ကိုတော့ KIA ၊ KPDF၊ PDF နဲ့ ABSDF တို့ ပူးပေါင်းပြီး ဇန်နဝါရီလ ၂၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူ နိုင်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း မြောက်ပိုင်းမဟာမိတ်တွေ သိမ်းထားတဲ့ မြို့နယ် ရှစ်ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါသေးတယ်။

……………………………………

ကော့ကရိတ်မြို့နဲ့ အာရှလမ်းကို ထိန်းချုပ်ထားတယ်လို့ KNU နဲ့ NUG ပြော

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ စစ်ကောင်စီယန္တရား လည်ပတ်ဖို့ အထူးအရေးပါတဲ့ အာရှလမ်းမကြီးကို ထိန်းချုပ် ထားနိုင်ပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU ကဆိုပါတယ်။

မြို့တွင်းတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့နဲ့ အုပ်ချုပ်ရေးယန္တရားတွေ ချမှတ်ထားနိုင်ဖို့ စနစ်တစ်ကျ စီစဥ်ဆောင်ရွက်ပြီး တိုက်ပွဲတွေကို နေ့စဥ်နှင့်အမျှ ဆက်လက်ဖော်ဆောင်နေတယ်လို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဘားအံ-မြဝတီလမ်း အာရှလမ်းပိုင်းနဲ့ ကော့ရိတ်မြို့ ဧရိယာရဲ့ ၆၀ ရာခိုင်နှုန်းကျော်တို့ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။

အာရှလမ်းပိုင်းနှင့် ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီအထိုင်စခန်းတွေ၊ ဂိတ်စခန်းတွေကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ကရင်တပ် KNLA ၊ PDF၊ SOF ၊ ဒရုန်းပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက် နေတာပါ။ သုံးလနီးပါး ကာလအတွင်း စခန်းကိုးခုကို သိမ်းယူထားတယ်လို့ NUG က ဆိုပါတယ်။

……………………………………

ဖမ်းထားတဲ့ သတင်းထောက်နဲ့ အရပ်သားတွေကိုသတ်ဖြတ်မှု စစ်ကောင်စီဝန်ခံတယ်လို့ AA ပြော

ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ သတင်းထောက်တစ်ဦးအပါအဝင် အရပ်သားခုနစ်ဦးကို သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီတပ်အရာရှိတွေ ဝန်ခံထွက်ဆိုထားတဲ့ ဗီဒီယိုမှတ်တမ်းကို AA က ထုတ်ပြန်ပါတယ်။

မြောက်ဦး အခြေစိုက် ခမရ ၃၇၈ မှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ကိုဖိုးသီဟ (ခေါ်) မြတ်သူထွန်း၊ ရခိုင်အဆိုတော် ဖိုးလပြည့် (ခေါ်) ကျော်ဇံဝေတို့အပါအဝင် အရပ်သားခုနစ်ဦး သတ်ဖြတ်မြှုပ်နှံခံထားရတယ်လို့ ဆိုပါတယ်။

သတ်ဖြတ်မှုမှာ အမိန့်ပေးခဲ့တဲ့ ခမရ ၃၇၈ တပ်ရင်းဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူးသိန်းထိုက်စိုးနဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ ဗိုလ်ကြီး အာကာမြင့်၊ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်စိုးတို့က ဝန်ခံထားတဲ့ ဗီဒီယိုကို AA က ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်းထောက်အသတ်ခံရတဲ့အပေါ် စုံစမ်းစစ်ဆေးပေးဖို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က တောင်းဆို ထားသလို သတင်းထောက်အပါအဝင် အရပ်သားခုနစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီလုပ်ရပ်အပေါ် လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာကောင်စီက ပြစ်တင်ရှုတ်ချထားပါတယ်။

စစ်ကောင်စီဘက်ကတော့ AA ထုတ်ပြန်ထားတဲ့ ဗီဒီယိုမှတ်တမ်းဟာ ဖန်တီးမှုသက်သက်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

……………………………………

လေယာဉ်ဆီတင်သင်္ဘောကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ NUG ပြော

စစ်ကောင်စီတပ် စစ်ဘက်၊ အရပ်ဘက် လေယာဉ်တွေမှာ အသုံးပြုမယ့် လောယာဉ်ဆီတွေ တင်ဆောင်လာတဲ့ သင်္ဘော တစ်စင်းကို ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း ပကဖ (ရေငုပ်အထူးတပ်ဖွဲ့) က ရန်ကုန် MEC ထီးတန်းဆိပ်ကမ်းမှာ ဖေဖော်ဝါရီလ ၂၉ ရက် ညနက်ပိုင်းက ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ သင်္ဘောမီးလောင်နေတဲ့ ဓာတ်ပုံတွေနဲ့ NUG က ထုတ်ပြန်ထားတာပါ။  

သင်္ဘောဆိုက်ကပ်ပြီး ဆီချဖို့ စောင့်ဆိုင်းနေချိန် Jet A1 လေယာဥ်ဆီတင် MV သင်္ဘောကို အချိန်ကိုက် TNT မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ရန်ကုန်တိုင်းပကဖ တာဝန်ရှိသူက မီဒီယာတွေမှာ ပြောဆိုထားပါတယ်။

စစ်ကောင်စီကတော့ တခြားဆီတင်သင်္ဘောတစ်စင်းကနေ MV သင်္ဘောကို ဆီပို့ပေးနေချိန် မီးလောင်မှုဖြစ်တာလို့ ထုတ်ပြန် ပါတယ်။ စက်သုံးဆီတင်သင်္ဘော မီးလောင်လို့ ဒီဇယ်ဆီဂါလံ ၈၀၀ ခန့် ဆုံးရှုံးပြီး သင်္ဘောသားနှစ်ဦး သေဆုံးသလို နှစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့လည်း ဆိုပါတယ်။

……………………………………