ထားဝယ်အရှေ့တောဒေသက စစ်ဘေးရှောင် ခုနစ်ထောင်ကျော် အကူအညီလိုအပ်

0
1659
ပုံစာ - ထားဝယ်အရှေ့တောဒေသမှ စစ်ဘေးရှောင်များ(ပုံဟောင်း)

ထားဝယ်အရှေ့တောဒေသတွင် စစ်ဘေးရှောင်ပြည်သူများအတွက် အကူအညီများ လိုအပ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) က မြိတ်-ထားဝယ်ခရိုင်ထံက သိရသည်။

နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် နေရသည့် ကျေးရွာ ၁၂ ရွာခန့်ရှိပြီး လူဦးရေအားဖြင့် ၇၀၀၀ ကျော်ရှိကြောင်း KNU တပ်မဟာ(၄)က မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာနှင့် အိပ်ယာထိုင်ခင်းများ လိုအပ်နေပြီး လူဦးရေတစ်ထောင်ခန့်အတွက်သာ အကူအညီရသေးကြောင်း ၎င်းက ဆိုသည်။

“နေရာချပေးဖို့က ခက်တယ်။ အခြေအနေအရလည်း IDP လိုနေရာမှာ နေရာချထားပေးဖို့ကလည်း လေကြောင်း တိုက်ခိုက်မှုအတွက် စိုးရိမ်တယ်။ သူတို့သွားချင်တဲ့နေရာကို သွားဖို့ကျွန်တော်တို့ခွင့်ပြုတယ်။ သူတို့ လုံခြုံဖို့ အတွက်က အရေးကြီးတယ်။ပြီးမှ လိုအပ်တဲ့အစားအစာတွေ တခြားအကူအညီတွေကို တစ်နေရာမှာ စုပေးပြီး တော့ သူတို့လာယူလို့ရတဲ့ အခြေအနေကို ဖန်တီးပေးမယ်” ဟု ပဒိုစောအယ်နားက ပြောသည်။

တိုက်ပွဲများကြောင့် အနီးအနားကျေးရွာတို့နှင့် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေသူများရှိသလို ထားဝယ်မြို့ပေါ်နှင့် ထိုင်းနယ်စပ် ဆင်ဖြူတိုင်၊ အမိုကျေးရွာဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသူများလည်း ရှိကြောင်း ၎င်းက ဆိုသည်။

ဟိန္ဒားကျေးရွာအုပ်စုက စစ်ရှောင်များကို ကူညီပေးနေသူ အမျိုးသားတစ်ဦးကလည်း “ခုလောလောဆယ်တော့ အဆင်ပြေနေသေးတယ်။ ရက်ရှည်ကြာလာရင် ရိက္ခာမလုံလောက်မှာကို ကျွန်တော်လည်း စိတ်ပူနေတယ်။ အဲဒါကြောင့် ရသမျှလိုက်စုဆောင်းနေတယ်” ဟု ပြောဆိုသည်။

ထားဝယ်အရှေ့တောဒေသတွင် ဖေဖော်ဝါရီလ ၁၇ ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး ဖေဖော်ဝါရီလ ၂၁ ရက်နှင့် ၂၆ ရက်တို့တွင် တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲအတွင်း ဒေသခံ လေးဦးသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက်ကနေ မတ်လ ၂ ရက်နေ့အထိ သင်္ကန်းတုံး၊ ဝကုန်း၊ ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ပျဉ်းသားတော၊ ကထောင်းနီ၊ ကလက်ကြီး၊ ရွှေချောင်း၊ ‌မေတ္တာ၊ မြောင်းပြို အပါအဝင် ကျေးရွာ ၁၂ ရွာက ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။