ဘီးလင်းဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဟု KNU ပြော

0
736

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာခံ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။

ဝင်းတာပန်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ် ခမရ-၄၀၉ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက နောင်ကတုတ်ချောင်းအနီးရှိ ဒေသအခေါ် ပနာ့ကွီးနေရာတွင် ဝင်းတာပန်အထက်ရွာသား အသက် ၃၃ နှစ်အရွယ် စောချဝေါ် ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စောချခေါ်၏ ဘယ်ဘက်လက် တံတောင်ဆစ်တွင် ကျည်ဆံထိမှန် ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

စောချဝေါ်သည် ဟင်းသီးဟင်းရွက်ခူးရန်၊ ဝါးခုတ်ရန် သွားစဉ် စစ်ကောင်စီတပ်နှင့် တွေ့ရာမှ ပစ်ခတ်ခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ KNU က ထုတ်ပြန်ထားသည်။

ယင်းအပြင် ဖေဖော်ဝါရီလ ၂၁ရက် နှင့် ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီ ဝင်းတာပန်စခန်းက တပ်ဖွဲ့ဝင်များ ဝင်းတာပန်ရွာထဲ ဝင်ရောက်ပြီး နေအိမ်များ မွှေနှောက်ဖျက်ဆီးကာ အိမ်အတွင်းရှိပစ္စည်းနှင့် အိမ်မွေး တိရစ္ဆာန်များကို ယူသွားကြောင်း KNU က ဆိုသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့က စစ်ကောင်စီတပ်က ဝင်းတာပန်ကျေးရွာထဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရော်ဘာခြံ ၅ ဧက မီးလောင်ပျက်စီးသွားကြောင်းလည်း ဖော်ပြသည်။

ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က လူနေကျေးရွာထဲ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အပြင် အရပ်သားပြည်သူကို ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများလည်း လုပ်ဆောင်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။