သံဖြူဇရပ်မြို့ခံတစ်ဦး ထပ်မံဖမ်းဆီးခံရ

0
853
ပုံစာ - သံဖြူဇရပ်မြို့။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF အား ထောက်ပံ့သည်ဟု စွပ်စွဲကာ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွားကြောင်း မြို့ခံတို့ထံမှ သိရသည်။

သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်တွင်နေထိုင်သည့် အသက် ၄၆ နှစ်အရွယ် နန်းမြင့်ဦး (ခ) တရုတ်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နေအိမ်၌ လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

နန်းမြင့်ဦးသည် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ဖွင့်ထားသူဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“တရုတ်ကို ပန်ဆယ်လိုနဲ့ PDF ‌တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းသွားတာ။ ဘယ်မှာထားထားလဲ ဆိုတာ မသိသေးဘူး။ အဆက်အသွယ်လည်း မရသေးဘူး” ဟု နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။

နန်းမြင့်ဦးသည် ၂၀၂၂ ခုနှစ် ဩဂုတ်အတွင်းက ငွေကျပ် ၈၀၀၀၀၊ ၂၀၂၃ ခုနှစ် မေလက ငွေကျပ် ၂၀၀၀၀ ထောက်ပံ့ခဲ့ သည့်အပြင် M-16 ၁ လက်၊ ကျည် ၇၀၀ တောင့်ကို မြဝတီမြို့မှတစ်ဆင့် ဝယ်ယူခဲ့ပြီး သံဖြူဇရပ် (ပ.က.ဖ) အဖွဲ့ထံ ထောက်ပံ့ပေးခဲ့သည်ဟု စစ်ကောင်စီဘက်က စွပ်စွဲထားသည်။

လက်ရှိတွင် နန်းမြင့်ဦး (ခ) တရုတ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကလည်း သံဖြူဇရပ်မြို့ခံ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင် ဆိုသည့် ဦးမြသန်းကို လက်နက်နှင့်အတူ ဖမ်းဆီးရမိပြီးနောက် PDF နှင့် ဆက်စပ်သည်ဆိုပြီး မြို့ခံ စီးပွားရေးလုပ်ငန်းရှင် ၅၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံထားရသူများအနက်မှ သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်ကိုကို၊ ဦးသန်းဇော်၊ ဦးအောင်မြင့်၊ ဦးဖေမြင့်၊ ဦးချမ်းမွန်အပါအဝင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က)တို့ဖြင့် အမှုဖွင့်ခဲ့သည်။

စစ်ကောင်စီတပ်တို့က PDF ကို ထောက်ပံ့သည်ဆိုသည့်အကြောင်းပြချက်ဖြင့် မြို့ခံများကို လိုက်လံဖမ်းဆီးခဲ့သည့် အပြင် ၎င်းတို့၏ နေအိမ်ပိုင်ဆိုင်မှု အလုံး ၂၀ ထက်မနည်းကိုလည်း ချိပ်ပိတ်ခဲ့သေးသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်တွင် ဖမ်းဆီးခံရသူ ၈၀၀ ကျော် ရှိသည်။