တပ်မမှူးနှင့် ဗျူဟာမှူးနှစ်ဦးကို AA က ဖမ်းမိထားပြီး နှစ်ဦးသေဆုံးဟု AA ပြော

0
1512

ရခိုင်ပြည်နယ်တွင် သုံးလကျော် တိုက်ပွဲကာလအတွင်း တပ်မမှူးတစ်ဦးနှင့် ဗျူဟာမှူးတစ်ဦးကို ဖမ်းမိထားပြီး တပ်မမှူးတစ်ဦးနှင့် ဗျူဟာမှူးတစ်ဦး သေဆုံးကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

ကျောက်တော်မြို့အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၉ လက်အောက်ခံနည်းဗျူဟာ (၃) မှ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ညီညီဝင်းကို ဇန်နဝါရီလ ၁၆ ရက်တွင် ဒဏ်ရာများဖြင့် ဖမ်းမိခဲ့ကြောင်း ဖော်ပြသည်။

ဖမ်းမိချိန်တွင် ဦးခေါင်းနှင့် ရင်ဘတ်တွင် ဒဏ်ရာများဖြင့် သေလုမျောပါးဖြစ်နေပြီး လက်ရှိတွင် ကျန်းမာနေပြီဖြစ်ကြောင်း ဆိုသည်။

ကျောက်တော်မြို့နယ်၌ ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်တို့က စစ်သင်္ဘောသုံးစင်းတိုက်ခိုက်နစ်မြှုပ်ခံရသည့် ဖြစ်စဉ်တွင် ထွက်ပြေးလာသည့် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် တပ်ဖွဲ့ဝင်အချို့ကို ဖမ်းမိထားကြောင်း AA က ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၇ ရက်က မြောက်ဦးမြို့ရှိ ခမရ ၃၇၇ တပ်ရင်းကို တိုက်ခိုက်သိမ်းယူရာတွင် တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းကို အသေဖမ်းမိကြောင်း ဖော်ပြသည်။

ပလက်ဝမြို့နယ်၌ ဒီဇင်ဘာလ ဒုတိယပတ်ကာလတိုက်ပွဲတွင် နှုံးဘူးဗျူဟာမှူး ဒုဗိုလ်မှူးကြီး ဗညာပိုင်းစိုးကို သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းမိကြောင်း AA က ဆိုသည်။

ပလက်ဝဒေသအခြေစိုက် ရှေ့တန်းဌာနချုပ်တစ်ခုဖြစ်သော စကစ (၁၉) ၊ ရှေ့တန်းဌာနချုပ်က တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေမှာ ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက်သွားသည်ကိုမူ အတည်မပြုနိုင်သေးကြောင်း ဖော်ပြသည်။

တိုက်ပွဲ သုံးလကျော်ကာလအတွင်း ပေါက်တော၊ ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦးမြို့များအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို AA က သိမ်းယူထားသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ နယ်ခြားစောင့်တပ်စခန်း မျာစွာသာမက ရမ်းဗြဲမြို့နှင့် အခြားသောမြို့အချို့မှ ရဲစခန်းအချို့ကိုလည်း သိမ်းယူရရှိထားကြောင်း AA က ထုတ်ပြန်သည်။

စစ်ဘက်၊ ရဲဘက်စခန်းများကို သိမ်းပိုက်စဉ် လက်နက်ချသော စစ်ဘက်၊ ရဲဘက်နှင့် ၎င်းတို့၏ မိသားစုဝင် များအပါအဝင် ရေကြောင်းတိုက်ပွဲများအတွင်း အသက်မသေဘဲ လွတ်မြောက်လာကြသောသူများကိုလည်း ကယ်ဆယ်ထားကြောင်း ဖော်ပြသည်။