စစ်သင်္ဘောတစ်စင်းကို AA ထပ်မံသိမ်းယူ၊ ခုနစ်ရက်အတွင်း စစ်သင်္ဘောငါးစင်းအထိတိုက်ခိုက်သိမ်းယူခံရ

0
1730

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်က စစ်ကောင်စီတပ်၏ စစ်သင်္ဘောတစ်စင်းကို ထပ်မံတိုက်ခိုက် သိမ်းယူလိုက်ပြီး ခုနစ်ရက်အတွင်း တိုက်ခိုက်နစ်မြှုပ်သိမ်းယူခဲ့သည့် စစ်သင်္ဘော ငါးစင်းအထိရှိလာကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်တို့တွင် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲတွင် စစ်သင်္ဘောနှစ်စင်း၊ ဇက်သင်္ဘောတစ်စင်းတို့ကို တိုက်ခိုက်ခဲ့သဖြင့် မီးလောင်ပျက်စီးကာ နစ်မြှုပ်သွားကြောင်း ဖော်ပြသည်။

ဖေဖော်ဝါရီလ ၁၂ ရက်တွင် မင်းပြားမြို့နယ် ပုလဲပေါက်ရွာအနီး စစ်သင်္ဘောတစ်စင်းကို တိုက်ခိုက်နစ်မြှုပ်နိုင်ခဲ့ကြောင်း AA က ဆိုသည်။

ယင်းအပြင် ဖေဖော်ဝါရီလ ၁၃ ရက်တွင် မင်းပြားမြို့နယ် သက်ပုန်းရွာအနီးတွင် စစ်သင်္ဘောနောက်တစ်စင်းကို ထပ်မံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် ဖေဖော်ဝါရီလ ၇ရက်မှ ၁၃ ရက်အထိ ခုနစ်ရက်တာကာလအတွင်း စစ်သင်္ဘောသုံးစင်း၊ ဇက်သင်္ဘောနှစ်စင်း တို့ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည့်အပြင် နောက်ထပ် စစ်သင်္ဘော လေးစင်းကိုလည်း ရေချ၍ မရသည်အထိ ဖျက်ဆီးနိုင်ခဲ့ ကြောင်း AA က ထုတ်ပြန်သည်။

စစ်သင်္ဘောဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်သာများ၏ အခြေအနေနှင့် ပတ်သက်၍မှု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

စစ်ကောင်စီတပ်က ရခိုင်တွင် ရေကြောင်း၊ လေကြောင်း အဓိကထားတိုက်ခိုက်နေခြင်း AA ဆိုသည်။