ကိုးကန့်ဒေသဥက္ကဋ္ဌဟောင်းအပါအဝင် ကိုးကန့်သူဌေး ၁၀ဦးကို စစ်ကောင်စီက တရုတ်လက်ထဲ အပ်လိုက်ပြီ

0
1080
ပုံစာ - ဇန်နဝါရီလ ၃၀ ရက်က တရုတ်သို့ လွှဲပြောင်းပေးလိုက်သည့် ကိုးကန့်ခေါင်းဆောင်ဟောင်းနှင့် ကိုးကန့်သူဌေးများ။

တရုတ်က ဖမ်းဝရမ်းထုတ်ထားသည် ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်ဟောင်း လည်းဖြစ်သည့် ပယ်ဆောက်ချိန်အပါအဝင် ကိုးကန့်သူဌေး ၁၀ဦးကို စစ်ကောင်စီက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးလိုက်သည်။

စစ်ကောင်စီ ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၃၀ ရက်ညတွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ လွှဲပြောင်းပေးခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

ကိုးကန့်ဒေသ သူဌေး ၁၀ ဦးကို တရုတ်ရဲတပ်ဖွဲ့က နေပြည်တော်သို့ လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ရှမ်းမြောက်တွင် စစ်ရေးပြင်းထန်လာချိန် ကိုးကန့်ဒေသ သူဌေးများကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် သယ်ထုတ်ကာ နေပြည်တော်တွင် စောင့်ရှောက်ထားသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ဖူးသည်။

ကိုးကန့်သူဌေးများကို အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဆိုင်ဘာမှုခင်းများနှင့် အခြားပြစ်မှုများဖြင့် တရုတ်က ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်သည်။

နေပြည်တော်သို့ တရုတ်ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်သွားသူ ၁၀ဦးတွင် ပယ်ဆောက်ချိန်၊ ၎င်း၏ သားဖြစ်သူ ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ပယ်ရင်ချန်၊ ကိုးကန့်ဒေသ အမှတ် ၁၀၀၆ နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွက်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဝေ့ဟွိုင်ရန် တို့ပါဝင်သည်။

ယင်းအပြင် ကိုးကန့်ဒေသ၏ အချမ်းသာဆုံးဖြစ်သည့် ဖူလီလုပ်ငန်းစုက လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာတို့လည်း ပါဝင်သည်။

အွန်လိုင်းလိမ်လည်မှု ကျူးလွန်သည်ဟု သံသယရှိသူ ၄၄၀၀၀ ကျော်ကို စစ်ကောင်စီက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေး အပ်ခဲ့ပြီး ယင်းအနက် နောက်ကွယ်က ငွေထောက်ပံ့သူ၊ အဖွဲ့ခေါင်းဆောင်နှင့် အမာခံ ၁၇၁ ဦး၊ တရားခံပြေး ၂၉၀၀ ကျော် ပါဝင်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ကိုးကန့်သူဌေးများကို လနှင့်ချီကြာ ခေါ်ဆောင်ထားပြီးမှ တရုတ်ရဲများကို နေပြည်တော်အထိ လာရောက် ဖမ်းဆီးခေါ်ဆောင်ခွင့်ပြုမှုမှာ တရုတ်နှင့် စစ်ကောင်စီကြား မည်သည့်သဘောတူညီချက်ကြောင့် ပြုလုပ်ခြင်း ဖြစ်သည်ကို မသိရသေးပေ။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း ကြံ့ခိုင်ရေးအမတ်ဟောင်း မြီရှောက်ချန်းနှင့် သား၊ မြေးတို့ကို တရုတ်က ဝရမ်းထုတ် ဖမ်းဆီးခဲ့သလို အောက်တိုဘာလအတွင်းကလည်း လောက်ကိုင်ဒေသက လုပ်ငန်းရှင် ၁၀ ကျော် ဖမ်းဆီးခဲ့သေးသည်။