ကျောက်တော်မြို့က တပ်ရင်းတစ်ခုကို AA သိမ်းယူ

0
495
ပုံစာ - မင်းပြားအခြေစိုက် ခမရ (၃၇၉) တပ်ရင်းထံမှ AA သိမ်းဆည်းထားသော လက်နက်ခဲယမ်းမီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့။

ရခိုင်ပြည်နယ် ကျောက်တော်မြို့အခြေစိုက် စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခ (၉) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၃၇၄ တပ်ရင်းတစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က လေကြောင်းဖြင့် တစ်ရက်လုံးပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ ဇန်နဝါရီလ ၃၀ ရက်တွင် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့တို့တွင် နေ့စဉ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး အဆိုပါ သုံးမြို့နှင့် ရသေ့တောင်မြို့ရှိ စစ်ကောင်စီတပ်ရင်းများကို တစ်ခုပြီး တစ်ခုသိမ်းယူရန် ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စကခ (၉) လက်အောက်ခံ မင်းပြားအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၈၀ တပ်ရင်းကိုလည်း စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်နေသည့်ကြားမှ ဇန်နဝါရီလ ၂၈ ရက်က သိမ်းယူနိုင်ခဲ့ကြောင်း AA က ဆိုသည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များတွင် ကျန်ရှိနေသေးသော တပ်ရင်းများကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေး အတွက် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး မကြာမီသိမ်းပိုက်နိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ထားသည်။

ရမ်းဗြဲမြို့ကိုမူ ယခုရက်သတ္တပတ်အတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီး နေကြောင်းလည်း AA က ဆိုသည်။

ယင်းအပြင် ရမ်းဗြဲမြို့သို့ စစ်ကောင်စီတပ်က စစ်အင်အား ၁၂၀ ကျော် ထပ်မံဖြည့်တင်းလိုက်ပြီး စစ်ကောင်စီတပ်နှင့် AA တို့ ဇန်နဝါရီလ ၃၀ ရက်မှစ၍ မြို့တွင်းတိုက်ပွဲစတင်ဖြစ်ပွားကြောင်း ဖော်ပြသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သလို ဇန်နဝါရီလ ၂၉ ရက်တွင် စစ်ကောင်စီတပ် လေကြောင်းကချပေးသည့် လက်နက်ခဲယမ်းအချို့လည်း ရရှိခဲ့ကြောင်း AA က ထုတ်ပြန်သည်။

ရမ်းဗြဲမြို့တွင်းတိုက်ပွဲမှာ ပိုမိုပြင်းထန်လာနိုင်ကြောင်းလည်း ဆိုသည်။