သံဖြူဇရပ် အနင်းရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်

0
1164
ပုံစာ - သံဖြူဇရပ်မြို့။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှ စတင်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတို့က ပြောသည်။

ပစ်ခတ်မှု စတင်ဖြစ်ပွားပြီး မကြာမီတွင်ပင် အနင်းကျေးရွာအနီးက ထင်းရူးကျေးရွာဘက်ကလည်း ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုပြင်းထန်နေပြီးနောက် နံနက် ၉ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်ဘက်က လေကြောင်း အသုံးပြုကာ စက်သေနတ်ဖြင့် အတွဲလိုက်ပစ်ခတ်ခဲ့သည့်အပြင် ဗုံးကြဲချကာလည်း တိုက်ခိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ် တစ်လုံး မီးလောင်ပျက်စီးကြောင်း ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီ၏ ဝယ်ဖယ်ရွာ အမြောက်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် အနင်းကျေးရွာက နေအိမ် ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုနှင့် အရပ်သားပြည်သူ ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။