စစ်တပ် နိုင်ငံရေးတွင်ပါဝင်မှုအဆုံးသတ်မှ နိုင်ငံရေးဆွေးနွေးမည်ဟု NUG နှင့် တိုင်းရင်းသားအဖွဲ့များပြော

0
434
ပုံစာ - ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်၌ ပြုလုပ်သည့်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ။

မြန်မာစစ်တပ် နိုင်ငံရေးတွင်ပါဝင်မှု အဆုံးသတ်မှ စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာကိစ္စရပ်များအတွက် ဆွေးနွေးမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တိုင်းရင်းသားအဖွဲ့များက ယနေ့ဇန်နဝါရီလ ၃၁ရက် နံနက်တွင် ဘုံသဘောတူညီချက် ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်နိုင်ငံရေးတွင် ပါဝင်နေခြင်းကို အဆုံးသတ်ရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားသည့် အရပ်သားအစိုးရလက်အောက်တွင် ထားရှိရန် အချက်များကို ထည့်သွင်းထားသည်။

စစ်အာဏာသိမ်းမှု အဆုံးသတ်၍ စစ်ကောင်စီ သို့မဟုတ် မြန်မာစစ်တပ် ကျောထောက်နောက်ခံ အုပ်ချုပ်ရေးအဖွဲ့အား အပြီးသတ်ဖယ်ရှားပြီးနောက် ဖက်ဒရယ်အဆင့်အတွက် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နှင့် အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရများဖွဲ့စည်းမည်ဖြစ်ကြောင်း ဖော်ပြသည်။

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီး တော်လှန်ရေးအင်အားစုများမှ ပါဝင်သင့်သူများပါဝင်၍စုပေါင်း ခေါင်းဆောင်မှုဖြင့် T-NUG ကိုဖွဲ့စည်းမည်ဟုဆိုသည်။

ယင်းနောက် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းပြီးနောက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ဆောက်မည်ဖြစ်ကြောင်းလည်း ဘုံသဘောတူညီချက်တွင် ဖော်ပြသည်။

ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ နယ်နိမိတ်ပိုင်းခြား သတ်မှတ်ရေး ကိစ္စကို အသွင်ကူးပြောင်းရေးကာလ ရောက်ရှိသည့်အခါ အဓိက သက်ဆိုင်သူအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ များတွင် ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန်၊ စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေး(ပြည်တွင်း/ပြည်ပ) ဖိအားပေးရန်လည်း သဘောထားထုတ်ပြန်ရာတွင် ထည့်သွင်းထားသည်။

ဘုံသဘောထားကို အကောက်အထည်ဖော်ရန်အတွက် ကဏ္ဍစုံပူးပေါင်းညှိနှိုင်းရေး ယန္တရားဖွဲ့စည်းမည်ဖြစ်ပြီး တော်လှန်ရေးမဟာမိတ်အင်အားစုများနှင့် ဆက်လက်ညှိနှိုင်းကာ အစွမ်းကုန်ဆောင်ရွက်မည်ဟု ဆိုသည်။

ယခုဘုံသဘောတူညီချက်ကို NUG နှင့် တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ကြောင်း NUG က ထုတ်ပြန်ရာတွင် ဖော်ပြထားသော်လည်း မည်သည့်အဖွဲ့များ ပါဝင်သည်ကိုမူ သေသေချာချာ ဖော်ပြထားခြင်း မရှိပေ။

ယခုထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းနိုင်သူများတွင် NUG အပြင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး(CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ကို ဖော်ပြထားသဖြင့် ယခုထုတ်ပြန်ချက်တွင် အဆိုပါ တိုင်းရင်းလက်နက်ကိုင်အဖွဲ့များ ပါဝင်သည်ဟု နားလည်ရသည်။