ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံအမှတ် ၅၄ ကို လေလံတင်ရောင်းချရန် စစ်ကောင်စီတရားရုံးအမိန့်ချ

0
771
ပုံစာ - ၂၀၁၆ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်သည့် အမေရိကန်သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ခြံအမှတ် ၅၄ နေအိမ်တွင် တွေ့ရစဉ်။ Photo - Getty Images

မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ နေအိမ်ကို လေလံတင်ရောင်းချရန် စစ်ကောင်စီ၏ ကမာရွတ်မြို့နယ် တရားရုံးက ယနေ့ ဇန်နဝါရီလ ၂၅ရက်တွင် အမိန့်ချလိုက်သည်။

ကြမ်းခင်းစျေး ကျပ်သိန်းပေါင်း သုံးသန်း တစ်သိန်း ငါးသောင်းကျပ်သတ်မှတ်ပြီး လာမည့် မတ်လ ၂၀ ရက်တွင် လေလံတင်ရောင်းချရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနများက ဖော်ပြကြသည်။

ခြံအမှတ် ၅၄ နေအိမ်ရှေ့တွင်ပင် လေလံတင်ရောင်းချရန် အမိန့်ချခဲ့ကြောင်းလည်း တရားရုံးနှင့် နီးစပ်သူတို့ကို ကိုးကားကာ ဘီဘီစီမြန်မာပိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဒေါ်ခင်ကြည် အမည်ပေါက်သည့် အဆိုပါခြံကို လေလံတင်ရောင်းချပြီး မောင်နှမနှစ်ဦး တစ်ယောက်ထက်ဝက်စီ ခွဲယူရန် သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးက အထူးအယူခံလျှောက်ထားမှုကို ယင်းတောင်းဆိုချက်အတိုင်းပင် စစ်ကောင်စီ၏ ပြည်ထောင်စုတရားလွှတ်တော် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၂ရက်တွင် အမိန့်ချမှတ်ပေးခဲ့သည်။

ယင်းနောက် တစ်နှစ်ကျော်အကြာတွင် ခြံအမှတ် ၅၄ နေအိမ်ကို လေလံတင်ရောင်းချရန် ထပ်မံအမိန့်ချလာခြင်းဖြစ်သည်။ ခြံအမှတ် ၅၄ သည် မြန်မာ့ဒီမိုကရေစီအပြောင်းအလဲတွင် သမိုင်းဝင်နေရာဖြစ်ပြီး သမ္မတ အိုဘားမား အပါအဝင် အထင်ကရ ကမ္ဘာ့ခေါင်းဆောင်များ လာရောက်ဖူးသည့်နေရာ ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ ၁ရက်နေ့တွင် ဖမ်းဆီးပြီး အမှု ၁၉မှုဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားသည်။

ခြံအမှတ် ၅၄ ရှေ့တွင် ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဆိုင်းဘုတ်များကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် စစ်ကောင်စီက ဖြုတ်ယူသွားခဲ့သည်။

အဆိုပါနေအိမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂ ရက်တွင် ကြေညာခဲ့ပြီး ရောင်းချရန်၊ ပိုင်ဆိုင်ရန် ကြိုးပမ်းလျှင် အရေးယူမည်ဟု ပြောဆိုထားသည်။