မလေးရှား အော်ပရာစီဖမ်းဆီးမှုတွင် မြန်မာ ၆၄ ဦးကျော် ဖမ်းဆီးခံရပြီး တစ်ဦး ဒဏ်ရာရ

0
1053

မလေးရှားနိုင်ငံ နဂရီဆမ်ဘီလန်ပြည်နယ်တွင် အထောက်အထားမဲ့ တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးရေးစီမံချက်ဖြစ်သော အော်ပရာစီဖမ်းဆီးမှုအတွင်း မြန်မာနိုင်ငံသား ၆၄ ဦးကျော်အပါအဝင် နိုင်ငံခြားသား ၁၁၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်လိုက်သည်။

ပတ်ဝန်းကျင်က တိုင်ကြားမှုကြောင့် ဆရင်ဘန်း ၂ တွင် ဇန်နဝါရီလ ၂၄ ရက်နေ့က စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ဆေးခံရသူများတွင် မြန်မာအမျိုးသား ၇၉ ဦး၊ အမျိုးသမီး ၂၆ ဦးနှင့် ကလေး ၄ ဦး စုစုပေါင်း ၁၀၉ ဦး ပါဝင်ခဲ့သည်။

စစ်ဆေးမှုအတွင်း အသက် ၃၅ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် ၂ ထပ်အမြင့်မှ ခုန်ချပြီး ထွက်ပြေးရန် ကြိုးစားသဖြင့် ခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမားများနှင့်အတူ ဘင်္ဂလားဒေရှ် ၂၁၀ ဦး၊ နီပေါ ၂၀၆ ဦး၊ အင်ဒိုနီးရှား ၅၆ ဦး၊ အိန္ဒိယ ၂၆ ဦး၊ ပါကစ္စတန် ၁၃ ဦးနှင့် သီရိလင်္ကာ ၈ ဦးတို့ စစ်ဆေးခံရသည်။

၎င်းတို့အနက် တရားဝင် အထောက်အထားမရှိသော မြန်မာအမျိုးသား ၅၀ ဦး၊ အမျိုးသမီး ၁၄ ဦးအပါအဝင် နိုင်ငံခြားသား ၁၁၀ ဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများတွင် ၂ ပတ်အရွယ် ကလေးငယ်မှစ၍ အသက် ၅၁ နှစ်အထိ ပါဝင်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါအိမ်ကို နိုင်ငံခြားသားများအား တစ်လလျှင် ရင်းဂစ် ၆၀၀ မှ ၈၀၀ တန်ဖိုးဖြင့် ငှားရမ်းထားကြောင်း တိုင်ကြားမှုရရှိခဲ့သဖြင့် ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်တွင် မလေးရှားနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ပေးသည့် လုပ်ငန်းစဉ် ပြီးဆုံးသွားပြီဖြစ်သဖြင့် တရားမဝင် အလုပ်သမား ဖမ်းဆီးမှုများ မြင့်တက်လာနေခြင်းဖြစ်ကြောင်း မလေးရှားရောက် မြန်မာအလုပ်သမားများထံမှ သိရသည်။

“ကျွန်တော်တို့လည်း ပါမစ် (အလုပ်လုပ်ခွင့်) တင်တာပဲ။ အချိန်မမီလိုက်ဘူး။ အလုပ်လုပ်နေချိန်ရော ကျန်တဲ့အချိန်ရောက တထိတ်ထိတ်နဲ့ နေနေရတယ်” ဟု မလေးရှားရောက် အလုပ်သမားတစ်ဦးက ပြောသည်။

မြန်မာအလုပ်သမားများကို ကူညီနေသော နှလုံးလှ ပရဟိတအဖွဲ့သည်ပင် ကယ်တင်ထားသော မြန်မာအလုပ်သမား ၁၁ ဦး အော်ပရာစီတွင် ဖမ်းဆီးခံထားရသဖြင့် ရုံးပတ်ဝန်းကျင်တွင် အစစ်အဆေးများနေကြောင်း အဖွဲ့ထံမှ သိရသည်။

“ဖမ်းဆီးတာက ဒီဇင်ဘာလ လဆန်းပိုင်းတည်းက။ အခုထိ ဖမ်းနေတုန်းပဲ။ သူတို့နိုင်ငံသားတွေကလည်း complain တွေ တက်လာတယ်။ နိုင်ငံခြားသားတွေ ရုတ်ရုတ်နေထိုင်နေရင်။ အဲဆို သတင်းပေးရင် အော်ပရာစီဝင်တာပဲ” ဟု အဖွဲ့တာဝန်ခံ ကိုသက်က ဆိုသည်။

ထို့ကြောင့် နေစရာအခက်အခဲဖြစ်နေသော မြန်မာအလုပ်သမားများကို ကယ်တင်မှု ခေတ္တရပ်နားမည်ဖြစ်ကြောင်း အဖွဲ့စာမျက်နှာကလည်း ဖော်ပြထားသည်။

ယင်းနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင်ပင် ဂျိုဟာပြည်နယ်ရှိ စက်ရုံတစ်ရုံကို လဝကအဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် မြန်မာအလုပ်သမား ၄ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၈၄ ဦး ဖမ်းဆီးခံခဲ့ရသည်။

ပြီးခဲ့သော ဒီဇင်ဘာလဆန်းမှ ယနေ့အထိ အော်ပရာစီဖမ်းဆီးမှုကြောင့် အဖမ်းခံလိုက်ရသော မြန်မာနိုင်ငံသား အရေအတွက် ၁၀၀၀ ကျော်အထိရှိနေသည်ဟု ခန့်မှန်းရကြောင်း နှလုံးလှအဖွဲ့က ဆိုသည်။

Ref: BERNAMA, New Strait Times