ပုလောမြို့နယ် ဆယ်အိမ်စုကျေးရွာပစ်ခတ်မှုတွင် တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံး

0
2553

ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအုပ်စု၊ ဆယ်အိမ်စုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် KNDO နှင့် PDF တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းက ယနေ့(ဇန်နဝါရီ ၂၅)ရက်စွဲဖြင့် သတင်းထုတ်ပြန်လာသည်။

ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်း(ပုလော)မှ ဒရုန်းတပ်ဖွဲ့ကို စစ်ကောင်စီတပ်က ဆယ်အိမ်စုရွာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အမှတ်(၁)တပ်ရင်းမှ ရဲဘော် ဦးဦးနှင့် KNDO တပ်ခွဲ(၅)မှ ရဲဘော်ပွန်ညာ တို့ ကျဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

“ဒရုန်းနဲ့ ဗုံးသီးချဖို့ ရှေ့ပြေးပွိုင့်လွှတ်ချိန် ပွိုင့်သွားတဲ့ရဲဘော် ၂ ဦးအပစ်ခံရတာ ခင်ဗျ၊ (စကစ)သူတို့လည်းအလာ ကိုယ်လည်းအလာမှာ သူတို့ဘက်က လက်ဦးသွားတာပါခင်ဗျ” ဟု ယင်းတပ်ရင်းက ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။

ရှေ့ပွိုင့်ရဲဘော်နှစ်ဦးနှင့်အတူ Shotgun တစ်လက်နှင့် M16 တစ်လက်ပါ ဆုံးရှုံးခဲ့ရသည်ဟု ၎င်းက ပြောသည်။

ယင်းနေ့က ဒရုန်းစစ်ဆင်ရေးကို နောက်ဆုတ်ခဲ့ရပြီး နှစ်ဖက်ပစ်ခတ်မှုမဖြစ်ခဲ့ဟု ၎င်းကဆိုသည်။

ဖြစ်စဉ်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

ပုလောဒေသတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာနိုင်သဖြင့် ဗုံးခိုကျင်းများတူးထားကြရန်နှင့် တန်ဖိုးကြီးပစ္စည်းများ၊ အရေးကြီးစာရွက်စာတမ်းများထုတ်ပိုးထားကြရန် အထက်ပါ တပ်ရင်းက ပြည်သူလူထုကို အသိပေးထားသည်။