ဘီးလင်း ဇီးဝန်းရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၊ ဒေသခံသုံးဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ

0
737

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ဇီးဝန်းကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံသုံးဦးသေဆုံးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဘီးလင်းအခြေစိုက် စစ်ကောင်စီတပ် အမှတ် (၃၁၄) က ယနေ့ ဇန်နဝါရီလ ၁၉ရက် နံနက် ၉နာရီကျော်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဇီးဝန်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲပြီး ဒေသခံ အမျိုးသမီးခုနစ်ဦးနှင့် အမျိုးသားသုံးဦး စုစုပေါင်း ၁၀ဦး ထိခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းအနက် အသက် ၂၂နှစ်အရွယ် မစန္ဒာ၊ အသက် ၄၅နှစ်အရွယ် ဒေါ်နော်မူနှင့် နော်ကော်လာမူတို့ သေဆုံးပြီး အသက် ၂နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး၊ အသက် ၂၆နှစ်အရွယ် မဝါဝါသင်း၊ အသက် ၄၆နှစ်အရွယ် ဒေါ်တောသား၊ အသက် ၆၈နှစ်အရွယ် ဒေါ်ခင်သန်းတို့ အပြင်းအထန်ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

အသက် ၄၀အရွယ် ဒေါ်ခင်ဝင်းလှိုင်နှင့် ခရီးသွားတစ်ဦးတို့မှာ ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း အထက်ပါ ဒေသခံက ပြောဆိုသည်။

ဒဏ်ရာရရှိသူ ခုနစ်ဦးကို လက်ဆက်ဆေးကုသခံယူနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။