လုံလောက်သည့် ဆေးကုသမှုမရ၍ ကျိုက်မရောထောင်မှ နိုင်ငံရေးအကျဉ်းသားနှစ်ဦး သေဆုံး

0
874
ပုံစာ - ကျိုက်မရောအကျဉ်းထောင် (ပုံဟောင်း)

မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦး လုံလောက်သည့် ဆေးကုသမှုမရသဖြင့် သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM က ထုတ်ပြန်လိုက်သည်။

ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည့် အသက် ၃၁ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်သည် ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၁၀ နာရီခန့်က လေထိုး‌လေအောင့်ဖြစ်ပြီး ထောင်ဆေးရုံတွင် ဆေးကုသမှုခံယူရန် သွားခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

သို့သော်ထောင်ဆေးရုံတွင် ဆေးရုံအုပ်အနားယူနေသည့်အတွက် တာဝန်ကျ သွားဆရာဝန်မှ ကိုပြည့်ဖြိုးအောင်ကို ကြည့်ရှူစစ်ဆေးပေးပြီး ဆေးတစ်လုံးထိုးပေးခဲ့ကြောင်း ဆေးထိုးပြီး တစ်နာရီခန့်အကြာတွင် ပါးစပ်မှ အမြုပ်ထွက်ပြီး မေ့လဲသွားခဲ့သည်ဟု PPNM က ထုတ်ပြန်ထားသည်။

အရေးပေါ်ဖြစ်နေသည့် ကိုပြည့်ဖြိုးအောင်ကို ထောင်ဆေးရုံအုပ်က အသက်ကယ်ဆေးနှစ်လုံး ထိုးပေးခဲ့ပြီး ပြင်ပဆေးရုံသို့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် တစ်နာရီခန့်က ပို့ဆောင်ပေးခဲ့ရာ ဆေးရုံရောက်ချိန်တွင် ကိုပြည့်ဖြိုးအောင် သေဆုံးသွားခဲ့သည်။

ကိုပြည့်ဖြိုးအောင်သည် ရန်ကုန်၊ အင်းစိန်ဇာတိဖြစ်ပြီး မီးသတ် CDM ဝန်ထမ်းတစ်ဦးဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ သံလွင်တံတားထိပ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် ကိုပြည်ဖြိုးအောင်ကို ပုဒ်မ ၅၂(က)ဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး ဘားအံထောင်(တောင်ကလေးထောင်) တွင် ချုပ်နှောင်ထားခဲ့ရာမှ ၂၀၂၂ ခုနှစ်၊ မေလ ၂၂ ရက်နေ့က ကျိုက်မရောထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် ပုဒ်မ ၅၄/၅၂(က)တို့ဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုရာရှင်(ခ)ဟာရှင်သည် စစ်ကြောရေးတွင် ရိုက်နှက်နှိပ်စက်ခံခဲ့ရသည့် အတွင်းကြေဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သေးသည်။

အသက် ၄၃ နှစ်အရွယ် ကိုရာရှင်သည် ယင်းဒဏ်ရာများကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစပြီး ကျန်းမာရေး ဆိုးရွားလာခဲ့သည်။

ထောင်တွင်းဆေးရုံတွင် မကြာခဏပြသခဲ့သော်လည်း မသက်သာသည့်အတွက် ဇန်နဝါရီလ ၁၁ ရက်နေ့က ထောင်ပြင်ပဆေးရုံသို့ အရေးပေါ်ဆေးကုသမှု ခံယူရန် ပို့ဆောင်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ထောင်ဆေးရုံတွေက ကျန်းမာရေးမကောင်းတဲ့လူနာတွေကို ကုသမှုပေးပြီး အသက်ကယ်တင်ရမယ့် နေရာဖြစ်မနေဘဲ အကျဉ်းသားတွေ မသေဆုံးခင်ထားတဲ့ နေရာဖြစ်နေပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ပြောဆိုထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ကောက်ယူထားသည့် စာရင်းများအရ ၂၀၂၃ ခုနှစ်အတွင်း ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာ မရရှိခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၇ ဦး အကျဉ်းထောင်ထဲတွင် သေဆုံးခဲ့ရသည်။