ဘန်ကောက်တွင် ဆယ်ကျော်သက် မြန်မာမိန်းကလေးကို ထိုင်းပွဲစားက အဓမ္မပြုကျင့်

0
998

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၁၉ နှစ်အရွယ်ရှိ ဆယ်ကျော်သက် မြန်မာမိန်းကလေးတစ်ဦးကို ထိုင်းနိုင်ငံသားပွဲစားတစ်ဦးက အလိုမတူဘဲ ဓါးထောက်၍ အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေးကော်မတီ MHAC အဖွဲ့ထံမှ သိရသည်။

ယမန်နေ့ (ဇန်နဝါရီ ၇) နေ့လယ်ပိုင်းက ဘန်ကောက်မြို့ ဘန်ခွန်ထီရမ်နယ်မြေတွင် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

ထိုင်းနိုင်ငံသားပွဲစားက ထိုင်းရောက်ခါစ စကားရေရေလည်လည် မပြောတတ်သေးသော ကရင်တိုင်းရင်းသူ မြန်မာမိန်းကလေးကို အလုပ်ရှာပေးမည်ဟုဆိုကာ တည်းခိုခန်းသို့ ခေါ်သွားခဲ့ပြီး အလိုမတူဘဲ အတင်းအဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။

“တည်းခိုခန်းထဲကိုဝင် အတင်းအခန်းထဲဆွဲသွင်းပြီးတော့ ဓါးတွေနဲ့ထောက် ပိတ်ကန် ထိုးကြိတ်ပြီးတော့ အဓမ္မပြုကျင့်တာ” ဟု ကိုရဲမင်းက ဆိုသည်။

ဖြစ်စဉ်သိရသည်နှင့် မြန်မာမိန်းကလေးထံ အရေးပေါ် သွားရောက်ကြည့်ရှုခဲ့ပြီး ဆေးရုံတွင် စစ်ဆေးချက် ရယူပေးခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းနောက် မြန်မာမိန်းကလေးအဓမ္မပြုကျင့်ခံရမှုအတွက် ဘန်ခွန်ထီယမ်နယ်မြေရှိ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားပေးခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။

မြန်မာမိန်းကလေးတွင် လတ်တလော အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် name list (အမည်စာရင်း) စာရွက်သာ ရှိသေးပြီး MHAC ရုံး၏ စင်တာတွင် စောက်ရှောက်ပေးထားကြောင်း အဖွဲ့ထံမှ သိရသည်။

နောက်ပိုင်း အမျိုးသမီးများ စောင့်ရှောက်ရေးစင်တာတွင် စိတ်ကျန်းမာရေးနှင့် အခြားလိုအပ်သော နှစ်သိမ့်ဆွေးနွေးမှုများ ရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

အဓမ္မပြုကျင့်ခဲ့သော ထိုင်းနိုင်ငံသားပွဲစား၏ အချက်အလက်များကို ရရှိထားပြီးဖြစ်သဖြင့် အမြန်ဆုံးဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း အဖွဲ့ထံမှ သိရသည်။

ထိုင်းရောက်ခါစ မြန်မာမိန်းကလေးများ အဓမ္မပြုကျင့်ခံရမှု များလာနေပြီး ပြီးခဲ့သော ၂ နှစ်အတွင်း အဓမ္မပြုကျင့်ခံရမှု ၆ မှုအထိ အဖွဲ့က ကူညီဖြေရှင်းပေးခဲ့ရကြောင်း အဖွဲ့ထံမှ သိရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံရောက်ခါစ မြန်မာမိန်းကလေးများအနေဖြင့် မိမိ လိုက်ပါမည့်သူ၏ အခြေအနေကို လေ့လာထားရန်လိုအပ်ပြီး အစစအရာရာကို သတိကြီးကြီးထားနိုင်မှသာလျှင် ယခုအဖြစ်ဆိုးမျိုးမှ လွတ်မြောက်နိုင်မည်ဖြစ်ကြောင်း အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက သတိပေးထားသည်။