မဲဆောက်တွင် ဆယ်ကျော်သက် မြန်မာလက်ဝှေ့နည်းပြ အသတ်ခံရ

0
6760

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်မြို့တွင် အသက် ၁၈ နှစ်အရွယ်သာရှိသေးသော မြန်မာလူငယ် လက်ဝှေ့နည်းပြတစ်ဦး၏ အလောင်းကို အသတ်ခံထားရသည့်ပုံစံဖြင့် လမ်းဘေးတွင် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မဲဆောက်-အုံဖမ်းလမ်းမဘေး ငှက်ပျောပင်အောက်တွင် ဇန်နဝါရီလ ၃ ရက်နေ့က “ကို” အမည်ရှိသော မြန်မာလူငယ် လက်ဝှေ့နည်းပြ၏အလောင်းကို ပြည်သူတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မြန်မာလူငယ်သည် အရက်မူးပြီး အိပ်ပျော်နေသည်ဟု ထင်ရသဖြင့် သွားပြီးနှိုးရာမှ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သတင်းတွင် ဖော်ပြထားသည်။

အလောင်းတွင် အနက်ရောင်လက်ဝှေ့ဘောင်းဘီကို ဝတ်ဆင်ထားပြီး အလောင်း၏ နောက်ကျောတွင် ထိုးသွင်းဒဏ်ရာကိုလည်း တွေ့ရှိရသော်လည်း အသုံးပြုသော လက်နက်ကို ရှာမတွေ့ခဲ့ကြောင်း သိရသည်။

မြန်မာလူငယ်၏ အလောင်းကို မတွေ့မီ ဇန်နဝါရီလ ၁ ရက်နေ့ ညတွင် နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် လက်ဝှေ့ပြိုင်ပွဲ ကျင်းပခဲ့ဟုဆိုသည်။

လက်ဝှေ့ပွဲညတွင် မြန်မာလူငယ်၏ သူငယ်ချင်းဖြစ်သူက အနိုင်ရရှိခဲ့ပြီး ခဏအကြာတွင် လူအုပ်စုတစ်စုက ပြိုင်ပွဲနှင့် ပတ်သက်၍ လာရောက်ငြင်းခုံကာ ရန်ဖြစ်နေခဲ့ကြောင်း CCTV မှတ်တမ်းများကို ကြည့်၍ ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ဖော်ပြထားသည်။

မြန်မာလူငယ်နှင့်အတူ အနိုင်ရရှိထားသော သူငယ်ချင်းဖြစ်သူနှစ်ဦးက လူအုပ်စုမှ လွတ်မြောက်ဖို့ ထွက်ပြေးရန် ကြိုးစားသော်လည်း လိုက်လံဖမ်းဆီးခြင်းခံရကာ စတင်တိုက်ခိုက်ခံရကြောင်း ရဲတပ်ဖွဲ၏ ပြောကြားချက်ကို ဖော်ပြထားသည်။

၎င်းတို့သုံးဦးတွင် နှစ်ဦးက လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သော်လည်း လက်ဝှေ့နည်းပြလူငယ်က လွတ်မြောက်ခြင်းမရှိဘဲ အသတ်ခံရခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့၏ ကောက်ချက်ချမှုကို ဖော်ပြထားသည်။

အလောင်းကို ရင်ခွဲစစ်ဆေးရန် မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီးနောက် သင်္ဂြိုဟ်ခဲ့ကြောင်း ဖော်ပြထားသည်။

ရဲတပ်ဖွဲ့က တိုက်ခိုက်မှုတွင် ပါဝင်သူများကို ဖမ်းဆီးနိုင်ရေး စုံစမ်းလျက်ရှိနေရာမှ ပါဝင်ကျူးလွန်သူ အသက် ၂၁ အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: The Thaiger, CH 7 News HD, CH 8